#Ukraine_Crisis
Published 17 December 2022

 

သောကြာနေ့မှာ ရုရှားတို့က ယူကရိန်းဘက်ကို ဒုံးကျည် ၇၀ ကျော်ပစ်ခတ်ခဲ့ရာ စစ်ပွဲစတင်ပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

 

ယခုပစ်ခတ်မှုကြောင့် ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပြီး နိုင်ငံအနှံ့အရေးပေါ်ဓာတ်အားဖြတ်တောက်လိုက်ရကြောင်း ယူကရိန်းအရာရှိများက ပြောကြားလိုက်ပါတယ်။

 

ခရီဗီရိအလယ်ပိုင်းက လူနေအဆောက်အအုံကို ထိမှန်ခဲ့ကာ လူ ၃ ဦးသေဆုံးခဲ့ပြီး တောင်ပိုင်းမြို့ခါဆန်မှာ တစ်ဦးသေဆုံးခဲ့ပါတယ်။

 

ရုရှားဘက်က အရာရှိများပြောကြားရာမှာတော့ ရုရှားတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်းတို့တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ညနေခင်းဗီဒီယိုမိန့်ခွန်းမှာပြောကြားရာမှာ ရုရှားက နောက်ထပ်တိုက်ခိုက်မှုကြီးများပြုလုပ်ရန် ဒုံးကျည်အများအပြားရှိနေသေးကြောင်း ဆိုလိုက်ကာ ယူကရိန်းအတွက် ပိုမိုအားကောင်းတဲ့ လေကြောင်းကာကွယ်ရေးလက်နက်များ ထပ်မံထောက်ပံ့ပေးဖို့ အနောက်မဟာမိတ်နိုင်ငံများကို တောင်းဆိုလိုက်ပါတယ်။

 

ယူကရိန်းအနေနဲ့ ပြန်လာနိုင်ဖို့အတွက် စွမ်းဆောင်နိုင်ကြောင်း၊ ရုရှားက ဘယ်လောက်ပဲဒုံးကျည်တွေ ပစ်ခတ်နေပါစေ ဒီစစ်ပွဲရဲ့အင်အားမျှခြေက ပြောင်းလဲသွားမှာမဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရုရှားတို့က နောက်နှစ်အစောပိုင်းမှာ တိုက်ခိုက်ရေးအစီအစဉ်တွေနဲ့ တိုက်ခိုက်ရန်စီစဉ်နေကြောင်းလည်း ယူကရိန်းက သတိပေးလိုက်ပါတယ်။

 

ယူကရိန်းနယ်မြေအများအပြားကို ရုရှားတို့က ဒုံးကျည်များ အမြှောက်များဖြင့် တိုက်ခိုက်နေပေမယ့် နယ်မြေအနည်းစုကိုသာ သိမ်းပိုက်နိုင်ပါသေးတယ်။

 

ရုရှားတို့ဟာ စစ်မြေပြင်တွေမှာ ရှုံးနိမ့်လာပြီးနောက် အောက်တိုဘာအစောပိုင်းကတည်းက ယူကရိန်းရဲ့ စွမ်းအင်ထုတ်လုပ်ရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့ရာ သောကြာနေ့တိုက်ခိုက်မှုကတော့ ပိုပြီးပြင်းထန်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်များက ပြုပြင်မှုများပြုလုပ်ပြီးနောက် ဓာတ်အားထုတ်လွှတ်ရေးစက်ရုံယူကရီနာဂိုက ဓာတ်အားပြန်လည်ပေးဝေနေပေမယ့် ပြင်ဆင်ဖို့ အချိန်တွေထပ်လိုအပ်သေးကြောင်း သတိပေးလိုက်ပါတယ်။

 

ရုရှားဘက်ကပစ်လိုက်တဲ့ ဒုံးကျည် ၇၆ စင်းအနက် အစင်း ၆၀ ကို ယူကရိန်းကာကွယ်ရေးက ပစ်ချနိုင်ခဲ့ပေမယ့် ဓာတ်အားပေးစက်ရုံ အနည်းဆုံး ၉ ခုထိမှန်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

 

ရုရှားကတော့ ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းစစ်တပ်ကို ဖြိုခွဲဖို့ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပေမယ့် ယူကရိန်းကတော့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

 

"သူတို့က ကျွန်မတို့ကိုဖျက်ဆီးပြီး ကျေးကျွန်လုပ်ခိုင်းချင်တာပါ၊ ဒါပေမဲ့ ကျွန်မတို့အရှုံးပေးမှာမဟုတ်ပါဘူး" လို့ ကိဗ်မြို့တော်မှ အသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

သောကြာနေ့နှောင်းပိုင်းအထိ အရပ်သား ၃ ပုံ ၁ ပုံလောက်ကသာ လျှပ်စစ်ဓာတ်အား ၄၀ ရာခိုင်နှုန်း၊ အပူပေးစနစ်နဲ့ ရေတို့ ရရှိနေကာ အဓိကသွားလာရေးဖြစ်တဲ့ ရထားလမ်းကြောင်းများ ပိတ်ထားရပါတယ်။

 

ယူကရိန်းပြည်သူများအနေနဲ့ စိတ်ရှည်သည်းခံဖို့ သမ္မတက တိုက်တွန်းလိုက်ကာ အရေးပေါ်ဓာတ်အားပေးနိုင်ရန် ဒေသဆိုင်ရာအာဏာပိုင်များကို မှာကြားလိုက်ပါတယ်။

Source: Reuters
#Yangon_Media_Group