#World_Health
Published 30 July 2022

 

နေ့ခင်းနေ့လယ် အိပ်ချင်လာတဲ့အခါ အိပ်လိုက်ရမှ နေသာထိုင်သာရှိသွားပေမယ့် မကြာမကြာတရေးအိပ်တတ်သူတွေဟာ သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ချေများကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ယခင်သုတေသနပြုလုပ်စဉ်မှာလည်း တရေးအိပ်ခြင်းဖြင့် နှလုံးပြဿနာများဖြစ်လာနိုင်ချေရှိတာကို တွေ့ရှိခဲ့ရာ ယခုလေ့လာချက်နဲ့တူညီနေကြောင်း အမေရိကန်နှလုံးအဖွဲအစည်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

"ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက တရေးတမောအိပ်ခြင်းက အန္တရာယ်ဖြစ်စေတာ မဟုတ်ပါဘူး၊ နေ့ခင်းပိုင်းအိပ်လိုက်ခြင်းဖြင့် ညဘက်အိပ်မပျော်ဖြစ်တတ်ပြီး ကျန်းမာရေးထိခိုက်လာတာကြောင့် ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

 

၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သွေးတိုးနဲ့လေဖြတ်ခြင်းမရှိတဲ့ ယူကေမှ လူ ၃၅၈,၄၅၁ ဦးကို နောက်ထပ် ၁၁ နှစ်ကြာတဲ့အထိစောင့်ကြည့်ခဲ့ပြီး တရေးအိပ်စက်ခြင်းနဲ့ ပထမဆုံးအကြိမ်လေဖြတ်ခြင်း၊ သွေးတိုးခြင်းဖြစ်ပေါ်နိုင်ခြင်းတို့အကြား ဆက်စပ်မှုကို ဆန်းစစ်ခဲ့ကြပါတယ်။

 

ရရှိလာတဲ့အချက်အလက်တွေအရ တရေးအိပ်စက်လေ့ရှိသူတွေက တရေးမအိပ်တဲ့သူတွေထက် သွေးတိုးဝေဒနာ ၁၂ ရာခိုင်နှုန်းဖြစ်နိုင်ချေပိုများပြီး လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်း ပိုများပါတယ်။

 

အသက် ၆၀ အောက် တရေးအိပ်လေ့ရှိသူတွေကတော့ သွေးတိုးဝေဒနာ ၂၀ ရာခိုင်နှုန်းဖြစ်နိုင်ချေပိုများပြီး အသက် ၆၀ အထက် တရေးအိပ်လေ့ရှိတဲ့ လူကြီးတွေက သွေးတိုးဝေဒနာဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းပိုများတာကို သုတေသီများက တွေ့ရှိခဲ့ရပါတယ်။

 

တရေးအိပ်တတ်သူ အများစုက အမျိုးသားများဖြစ်ပြီး ရံဖန်ရံခါမှတရေးအိပ်သူတွေနဲ့ယှဉ်ရင် ပညာရေးအားနည်းသူ၊ ဝင်ငွေနည်းသူ၊ ဆေးလိပ်သောက်တတ်သူ၊ အရက်သေစာအမြဲသောက်စားသူ၊ ဟောက်တတ်သူ၊ များသောအားဖြင့် ညနေပိုင်းမှ တက်ကြွတတ်သူတွေဖြစ်ပါတယ်။

 

မကြာခဏတရေး အိပ်တတ်သူတွေက မျိုးရိုးဗီဇအရ သွေးတိုးအန္တရာယ်ရှိခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

 

သုတေသီတွေက သွေးတိုးရောဂါဖြစ်နိုင်ချေမြင့်မားသူများ၊ လက်ရှိသွေးပေါင်ချိန်များနေသူများ၊ အဆီဓာတ်များသူများ၊ ညဘက်အလုပ်လုပ်ရသူများကို ထည့်မတွက်ထားတာတောင် အဆိုပါတွေ့ရှိချက်တွေက မှန်နေဆဲဖြစ်ပါတယ်။

 

"လူသန်းပေါင်းများစွာက နေ့ခင်းနေ့လယ်တရေးတမောအိပ်တတ်ကြတာကြောင့် ဒီတွေ့ရှိချက်တွေက စိတ်ဝင်စားဖို့ကောင်းနေပါတယ်" လို့ ရှန်ကျာတက္ကသိုလ်ဆေးရုံ မေ့ဆေးဌာနဥက္ကဌ ပရော်ဖက်ဆာ'ဝမ်'က ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group