#Health_Tips
Published 19 July 2022

 

ကျန်းမာနေတဲ့သူပဲဖြစ်ဖြစ် ဝေဒနာခံစားနေရသူပဲဖြစ်ဖြစ် ကျန်းမာရေးထိန်းသိမ်းတဲ့နေရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

 

ဒါပေမဲ့ မိမိပြုလုပ်နေတဲ့လေ့ကျင့်ခန်းက ကောင်းကျိုးသက်ရောက်မှုရှိစေရန်အတွက်ဆိုရင် ကိုယ့်ရဲ့လိုအပ်တဲ့လေ့ကျင့်မှု အကန့်အသတ်အထိသာ ပြုလုပ်သင့်ပြီး ဆိုးကျိုးတွေ ဝန်ပိမလာစေဖို့ကလည်း အရေးကြီးပါတယ်။

 

ကောင်းကျိုးဆိုးကျိုးကြား ညီတူမျှတူဖြစ်ဖို့ကလည်း လွယ်တော့မလွယ်ကူပါဘူး။

 

ဥပမာအားဖြင့် အလုံပိတ်အားကစားခန်းမတွေမှာဆိုရင် ရောဂါပိုးကူးစက် လွယ်တတ်ပါတယ်။

 

အထူးသဖြင့် အခုလို ကိုဗစ်ကပ်ရောဂါကာလမှာ အားကစားခန်းမလိုနေရာမျိုးတွေက ရောဂါပျံ့နှံကူးစက်ရာနေရာကြီး ဖြစ်လာတတ်ပါတယ်။

 

အလုံပိတ်အခန်းတွေထဲက လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ ရှူထုတ်လိုက်တဲ့ အမှုန်အမွှားတွေထဲမှာ ရောဂါဖြစ်စေတဲ့အရာတွေ ပါဝင်တတ်ပါတယ်။

 

အချက်အလက်များအရ ငြိမ်သက်နေတဲ့လူတစ်ယောက်က ပျမ်းမျှအားဖြင့် တစ်မိနစ်ကို အမှုန်အမွှား ၅ လီတာမှ ၁၅ လီတာထုတ်လွှတ်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေကတော့ တစ်မိနစ်ကို အမှုန်အမွှား ၁၀၀ မှ ၂၀၀ လီတာကြား ထုတ်လွှတ်လေ့ရှိပါတယ်။

 

ဒီမတိုင်ခင်က လေ့ကျင့်ခန်းဘယ်လောက်ထိ ပြင်းထန်ခြင်းက အမှုန်အမွှားဘယ်လောက်အထိ ထုတ်လွှတ်နိုင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေသိရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

 

ဂျာမနီမှ ဇီဝလှုပ်ရှားမှု၊ ရုပ်ပိုင်းလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အတူပူးပေါင်းပြီး ဆန်းသစ်တဲ့နည်းလမ်းတစ်ခုဖြင့် လေ့လာခဲ့ကြပါတယ်။

 

ဘယ်လိုလေ့ကျင့်ခန်းမျိုးက ကိုယ့်အတွက်အန္တရာယ်ရှိနိုင်လဲဆိုတာနဲ့ ကိုယ်ရွေးချယ်တဲ့ အမျိုးအစားပေါ်မူတည်ပြီး ဘယ်လိုသက်ရောက်မလဲဆိုတာကို ကောက်ချက်ချဖော်ထုတ်နိုင်ဖို့ ပညာရှင်များက ရှာဖွေခဲ့ကြပါတယ်။

 

အသက် ၁၈ နှစ်မှ ၄၀ ကြား ကျန်းမာသန်စွမ်းသူအစမ်းသပ်ခံတွေကို ခေါ်ယူခဲ့ပြီး အထူးစီမံထားတဲ့နှာခေါင်းစည်းအုပ်ကာ လေ့ကျင့်ခန်းပြုလုပ်ခိုင်းခဲ့ပါတယ်။

 

ရှူထုတ်လိုက်တဲ့ အရာတွေထဲက ပါလာတဲ့အမှုန်အမွှားတွေကို အဆိုရှင်ဖြင့်တိုင်းတာကာ လေ့ကျင့်ခန်းပြုလုပ်စဉ်အတွင်း ထွက်လာတဲ့ အမှုန်အမွှားပမာဏကို လေ့လာခဲ့ပါတယ်။

 

ပြင်းထန်မှုအဆင့်ကို လုံးဝရပ်နားထားတဲ့အဆင့်ကနေ အပြင်းထန်ဆုံး ခြေကုန်လက်ပန်းကျတဲ့အဆင့်အထိ ပြုလုပ်ခိုင်းခဲ့ရာ သာမန်ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမှာ အမှုန်အမွှားပမာဏက သိသိသာသာများလာခြင်းမရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒါကြောင့် သာမန်အပေါ့စားပြေးလွှားခြင်း၊ သိပ်ပြီးအလေးမများတဲ့ ဝိတ်တုံးမြှောက်မခြင်း၊ စက်ဘီးစီးခြင်းတိုက သိပ်ပြီးရောဂါကူးစက်ပျံ့ပွားမှုမဖြစ်စေကြောင်း သုံးသပ်ခဲ့ကြပါတယ်။

 

ကိုယ်အလေးချိန်ချခြင်းမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့ အချိန်တိုအတွင်း ကယ်လိုရီများစွာလောင်ကျွမ်းပေမယ့် ပြင်းပြင်း ထန်ထန်လှုပ်ရှားခြင်း၊ ကြွက်သားလှုပ်ရှားမှုများခြင်းတို့က လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေထဲမှာ ရောဂါကူးစက်နိုင်ချေမြင့်မားပါတယ်။

 

ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် အမှုန်အမွှားပျံ့လွင့်ခြင်းမှကာကွယ်နိုင်ရန် ကာကွယ်ရေးနည်းလမ်းများ ပြုလုပ်ဖို့လိုအပ်ပါတယ်။

အားကစားခန်းမတွေမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်မယ့်နေရာတွေကို အခြားသူများလေ့ကျင့်ခန်းလုပ်တဲ့နေရာနဲ့ သီးခြားခွဲထားသင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group