#WorldHealth
Published 2 July 2022

 

တောင်အမေရိကကုလားအုတ်ရဲ့ သွေးထဲကကိုယ်ခံအားအမှုန်လေးတွေက ကိုဗစ်မျိုးဗီဇကွဲအားလုံးနဲ့ SARS-CoV-1 လို အခြားဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း နယူးယော့ခ်မြို့ ဆီနိုင်းတောင်ဆေးရုံမှသုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ကုလားအုတ်ရဲ့ကိုယ်ခံအားအမှုန်(နာနိုပဋိပစ္စည်း)များကို ကိုဗစ်နဲ့အခြားဗိုင်းရပ်စ်ရောဂါများကိုတိုက်ဖျက်ဖို့ နှာခေါင်းဖျန်းဆေးထုတ်လုပ်ရာမှာ အသုံးပြုနိုင်ဖွယ်ရှိကြောင်း Cell Reports မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

 

ကုလားအုတ်မျိုးနွယ်ဝင်တွေက အခြားတိရိစ္ဆာန်များနဲ့ယှဉ်ရင် ကိုယ်ခံအားစနစ် ၂ မျိုးပါဝင်ပြီး ပုံမှန်ပဋိပစ္စည်းများထက် ၁၀ ဆမျှ ပိုမိုသေးငယ်တာကြောင့် ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်တွေ မလွတ်အောင် အချင်းချင်းချိတ်ဆက်တည်ရှိနေပါတယ်။

 

သူတို့ရဲ့သေးငယ်တဲ့အရွယ်အစားနဲ့ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကိုချေဖျက်နိုင်တဲ့စွမ်းရည်များကြောင့် သူတို့ရဲ့နာနိုပဋိပစ္စည်းများဟာ နောင်ထွက်ပေါ်လာနိုင်တဲ့မျိုးဗီဇကွဲတွေနဲ့ SARS ကဲ့သို့ ဗိုင်းရပ်စ်များပျံ့နှံခြင်းကို ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ကြောင်း ဆီနိုင်းတောင်ဆေးတက္ကသိုလ်မှ ဆေးဝါးသိပ္ပံတွဲဖက်ပရော်ဖက်ဆာဒေါက်တာ'ယီရှီ'က ပြောပြခဲ့ပါတယ်။

 

"စွမ်းရည်တည်ငြိမ်မှုရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနဲ့ အောက်ပိုင်းရောကို ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်းတို့ ပေးစွမ်းနိုင်ပြီး ကိုဗစ်မျိုးဗီဇကွဲအသစ်တွေပေါ်ထွက်လာရင် ကာကွယ်ဆေးတွေ ပဋိပစ္စည်းဆေးဝါးတွေကို ဖြည့်စွက်ကာကွယ်နိုင်အောင် အရေးပေါ်ကုသနည်းတွေ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဒေါက်တာ'ရှီ'က ပြောကြားခဲ့ပါတယ်။

 

သုတေသီတွေက တောင်အမေရိကကုလားအုတ်တစ်ကောင်ကို ကိုဗစ်ဗိုင်းရပ်စ်စပိုက်ခ်နဲ့ ထပ်ခါထပ်ခါထိတွေ့စေတဲ့အခါ SARS-CoV-2 ဗိုင်းရပ်စ်အပြင် ဗိုင်းရပ်စ်အမျိုးမျိုးကိုချေဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေထွက်ပေါ်စေပြီး စွမ်းအားမြင့်ခုခံအားရရှိစေကြောင်း သိရှိရပါတယ်။

 

ဗိုင်းရပ်စ်အမျိုးမျိုးကို ထိရောက်စွာကာကွယ်နိုင်တဲ့ နာနိုပဋိပစ္စည်းတွေကို သီးသန့်ခွဲထုတ်ခဲ့ကြပါတယ်။

 

"နာနိုပဋိပစ္စည်းသေးသေးလေးတွေက လျင်မြန်စွာဗီဇပြောင်းလဲလာတဲ့ဗိုင်းရပ်စ်တွေကို သိသိသာသာကာကွယ်နိုင်တယ်လို့ သိရပါတယ်၊ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ကိုဝင်ရောက်ပြီး ဗိုင်းရပ်စ်လွတ်ထွက်ခြင်း ဗီဇပြောင်းလဲခြင်းတွေမဖြစ်အောင် နေရာပေါင်းစုံကို ပေါင်းစပ်လိုက်ကြပါတယ်" လို့ ကယ်လီဖိုးနီးယားမှ ဇီဝတည်ဆောက်ပုံပရော်ဖက်ဆာဒေါက်တာ'အီယန်ဝီလ်ဆန်'က ပြောပြခဲ့ပါတယ်။

 

သူတို့ရဲ့တွေ့ရှိချက်အရ ဗိုင်းရပ်စ်ဗီဇပြောင်းလဲခြင်းနဲ့ လွတ်ထွက်ခြင်းမဖြစ်အောင် ဗိုင်းရပ်စ်တွေရဲ့ စပိုက်ခ်ပရိုတိန်း ၂ နေရာမှာ ချိတ်ဆက်နိုင်တဲ့ စွမ်းအားမြင့်နာနိုပဋိပစ္စည်းကို သုတေသီများက ဖန်တီးခဲ့ကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group