#Health_Tips
Published 2 July 2022

 

ညဘက်လုံလောက်စွာ အိပ်စက်ခြင်းဟာ အသက်ရှည်ကျန်းမာစေတယ်လို့ အချိန်အတော်ကြာ သိရှိလာကြပြီး အခုအခါမှာတော့ ကျန်းမာရေးကောင်းမွန်စေမယ့်အဓိကနည်းလမ်းတွေထဲမှာ တရားဝင် ပါဝင်လာပြီဖြစ်ပါတယ်။

 

နှလုံးအထူးကုပညာရှင်များက ကျန်းမာသန်စွမ်းတဲ့နှလုံးရရှိစေဖို့ အဓိကအချက်အလက်တွေထဲမှာ လုံလောက်စွာအိပ်စက်ခြင်းကိုပါ ထည့်သွင်းခဲ့ကြပါတယ်။

 

တစ်ညတာအိပ်စက်သင့်တဲ့ ပမာဏက ၇ နာရီမှ ၉ နာရီအတွင်းဖြစ်ကြောင်း အမေရိကန်နှလုံးဆိုင်ရာ အဖွဲ့အစည်း(AHA)က ဖော်ပြခဲ့ကြပါတယ်။

 

၂၀၁၀ ခုနှစ်တုန်းက နှလုံးသွေးကြောကျန်းမာရေးကောင်းမွန်စေတဲ့ နည်းလမ်း ၇ သွယ်ကို AHA က ဖော်ပြခဲ့ကြပါတယ်။

 

ထိုနည်းလမ်းတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းများ၊ ဆေးလိပ်ဖြတ်ခြင်းများ ပါဝင်ပါတယ်။

 

AHA ဥက္ကဌဒေါက်တာ'ဒေါ်နယ်လ်လွိက်ဂျုန်းစ်'က "အိပ်စက်ခြင်းက ယေဘုယျကျန်းမာရေးအပေါ် ထိရောက်နေပါတယ်၊ လုံလောက်ကျန်းမာစွာအိပ်စက်ရတဲ့လူတွေက ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ ဆီးချိုရောဂါဖြစ်နိုင်ချေတို့ကို ပိုမိုထိရောက်စွာထိန်းချုပ်လာနိုင်ပါတယ်၊ အိပ်စက်ခြင်းနည်းလမ်းတွေကို အဆင့်မြင့်ကိရိယာများနဲ့ တိုင်းတာလာနိုင်ပြီး သူတို့ရဲ့အိပ်စက်ခြင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်" လို့ ဆိုခဲ့ပါတယ်။

 

အသက် ၅ နှစ်အောက်ကလေးတွေကတော့ အိပ်ချိန် ၁၀ နာရီမှ ၁၆ နာရီအတွင်းရှိသင့်တယ်လို့ အကြံပြုထားပါတယ်။

 

လုံလောက်စွာ မအိပ်စက်ရတဲ့လူတွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတို့ဖြစ်ပေါ်နိုင်ချေ မြင့်မားတယ်လို့ AHA က ကြေညာထားပါတယ်။

 

လက်ကိုင်ဖုန်းတွေလို စက်ပစ္စည်းတွေကို အလင်းမှိန်စနစ်ထားရှိသင့်ပြီး ညအိပ်စက်ရာမှာ အနှောင့်အယှက်မဖြစ်နိုင်အောင် အချက်ပေးအသံများလည်း ပိတ်ထားသင့်ကြောင်း အကြံပြုထားပါတယ်။

 

ယူကေရှိ သေဆုံးသူလူဦးရေ ၄ ပုံ ၁ ပုံခန့်ဟာ နှလုံးနဲ့သွေးကြောရောဂါများကြောင့် ဖြစ်ပါတယ်။

 

အမေရိကန်မှာလည်း နှလုံးရောဂါကြောင့် အဓိကသေဆုံးနေကြရပြီး တစ်နှစ်ကို လူပေါင်း ၆၅၉,၀၀၀ ခန့် သေဆုံးနေရပါတယ်။

 

AHA ရဲ့နည်းလမ်း ၇ သွယ်ထဲက အချို့အချက်အလက်များကို ပြင်ဆင်ထားပြီး သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိရေးအကြောင်းတွေ ပါဝင်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group