Published 21 June 2022

ကမ္ဘောဒီးယားနိုင်ငံက တံငါသည်တစ်ဦးဟာ မဲခေါင်မြစ်ထဲကနေ ကမ္ဘာ့အကြီးဆုံးလို့ မှတ်ယူနိုင်တဲ့ ရေချိုငါးကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိပ္ပံပညာရှင်တစ်ဦးကပြောပါတယ်။

အဲဒီငါးကြီးဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိတဲ့ ငါးလက်ထုံဖြစ်ပြီး ပါးဟပ်ကနေ အမြီးအထိ ၁၃ ပေ အလျားရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က အဲဒီငါးကြီးကို ဖမ်းမိတာဖြစ်ပြီး သူ့ရဲ့ အပြုအမူတွေကို စောင့်ကြည်လေ့လာလို့ရအောင် ကတ်ပြားတစ်ခု ချိတ်ဆွဲပေးပြီး မြစ်ထဲပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီငါးကြီးဟာ ယခင်က ၂၀၀၅ခုနှစ်မှာ ထိုင်းနိုင်ငံမှာ အကြီးဆုံးအဖြစ် ဖမ်းမိခဲ့တဲ့  မဲခေါင်ငါးခူကြီးထက် ပိုကြီးပါတယ်။အဲဒီတုန်းက ငါးခူကြီးဟာ အလေးချိန် ၂၉၃ ကီလိုရှိပါတယ်လို့ အမေရိကန်ရန်ပုံငွေနှင့်လည်ပတ်နေတဲ့ မဲခေါင်သုတေသနစီမံကိန်းက ပြောပါတယ်။

အခု ငါးလက်ထုံကြီး ကို ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ဆတွန်ထရန်းပြည်နယ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး မြေနိမ့်ပိုင်းမှာ နေတဲ့ လူဝံထက် အလေးချိန်နှစ်ဆစီးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

“ မြစ်တွေကန်တွေက ငါးကြီးတွေကို နှစ်ပေါင်း ၂၀လေ့လာခဲ့ရာမှာ ဒီငါးက ကျွန်တော်တို မှတ်တမ်းတင်ထားသမျှ ကမ္ဘာပေါ်မှာ အကြီးဆုံးရေချိုငါးတစ်ကောင်ဖြစ်တယ်”လို့ မဲခေါင်၏အံမခန်းစရာများ စီမံချက်ရဲ့ ဦးဆောင် ငါးဇီဝဗေဒပညာရှင် ဇက်ဘ်ဟိုဂန်ကပြောပါတယ်။

“ ဒီတွေ့ရှိမှုဟာ အတော့်ကိုအံ့အားသင်စရာပဲ။ ဒီမျိုးစိတ်တွေနှင့် သူတို့ကျက်စားတဲ့ မြစ်တလျောက် ဆန်းကြယ်တဲ့ ဝန်းကျင်ကိုပိုပြီးနားလည်ဖို့ ကြိုးစားရမယ်” လို့ သူကပြောပါတယ်။

သုတေသနပညာရှင်တွေဟာ အသံပါတဲ့ကတ်ကလေးတစ်ခုကို ငါးမှာချိတ်တွဲပေးလိုက်ပြီး မြစ်ထဲပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ဆန်းကြယ်တဲ့အပြုအမူတွေကို စောင့်ကြည့်လေ့လာနိုင်ဖို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒီပြည်နယ်ထဲမှာပဲ လေးမီတာအရှည်ရှိပြီး ၁၈၀ကီလိုအလေးချိန်ရှိတဲ့ ငါးလက်ထုံတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မဲခေါင်မြစ်ထဲမှာ ငါးမျိုးစိတ်ပေါင်း တစ်ထောင်ကျော် ကျက်စားနေပါတယ်။ ငါးလက်ထုံတစ်မျိုးတည်း ငါးကြီးမဟုတ်ပါဘူး။ သုံးမီတာအထိ အလျားရှိပြီး ၂၇၀ကီလိုအထိ အလေးချိန်ရှိတဲ့ငါးခူကြီးတွေနှင် Berb(ဘတ်)ငါးကြီးတွေလည်း မဲခေါင်မြစ်ထဲ ရှိနေပါတယ်။

မဲခေါင်မြစ်ဟာ  တရုတ်နိင်ငံက မြစ်ဖျာခံပြီး လာအို၊မြန်မာ၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းတဲ့ နာမည်ကျော်မြစ်တစ်စင်းဖြစ်ပါတယ်။

Source: AFP