#WorldHealth
Published 29 May 2022

 

မျောက်ကျောက်ရောဂါ (Monkeypox)က ကိုဗစ်ကပ်ရောဂါလိုဖြစ်လာမှာမဟုတ်ဘဲ ဒီပျံ့ပွားမှုကိုထိန်းချုပ်ဖို့ လိုအပ်တာတွေရှိပြီးသားဖြစ်ကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။

 

ဒီဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်လာမှာ မဟုတ်ဘူးလို့ GAVI Alliance မှ အမှုဆောင်အရာရှိချုပ်'ဆက်သ်ဘာ့ကလေ'က ဒါဗိုစ်မှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဘလွန်းဘာ့ဂ်တီဗီနဲ့အင်တာဗျူးပြောကြားခဲ့ပြီး လူတွေကိုရောဂါလက္ခဏာများအကြောင်း အသိပေးထားမယ်ဆိုရင် ရောဂါကိုထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ WHO အရာရှိများက အင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။

 

မျောက်ကျောက်ရောဂါဟာ အရင်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနှစ်တွေကြာအောင် ကူးစက်ခဲ့ဖူးပြီး လတ်တလောမှာ ဥရောပနဲ့အမေရိကန်တို့မှာ လျင်မြန်စွာကူးစက်လာတာကြောင့် လူအများစိုးရိမ်ပူပန်လာကြပါတယ်။

 

ဒါပေမဲ့ ဒီဗိုင်းရပ်စ်က ကိုဗစ်လိုကူးစက်မြန်တာမျိုးမဟုတ်တဲ့အပြင် ကျောက်ရောဂါနဲ့ဆင်တူနေတာကြောင့် ကာကွယ်ဆေးတွေ ကုသနည်းတွေရှိနှင့်ပြီးသားဖြစ်ပါတယ်။

လူတွေအနေနဲ့ ရောဂါလက္ခဏာကို စောစောသိရှိမယ်ဆိုရင် ကူးစက်မှုကိုဖြတ်တောက်ဖို့လွယ်ကူကြောင်း WHO ရှိ ကပ်ရောဂါကြိုတင်ကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး'ဆဲလ်ဗီဘရိုင်ယန်'က ဖော်ပြထားပါတယ်။

 

လတ်တလောရက်များအတွင်း နိုင်ငံ ၁၉ နိုင်ငံမှာ ကူးစက်မှုပေါင်း ၁၃၁ ကြိမ်အတည်ပြုတွေ့ရှိထားပါတယ်။

 

အစပိုင်းလက္ခဏာများမှာ ဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အရေပြားရှိအကျိတ်များရောင်ရမ်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းမှာ အရေပြားအဖုအပိန့်ထွက်ခြင်း၊ အရည်ကျည်ဖုများထွက်ခြင်းနဲ့ အနာဖေးဖြစ်ခြင်းတို့ ဖြစ်ပေါ်လာတတ်ပါတယ်။

 

ဗိုင်းရပ်စ်ဟာ အစပိုင်းတုန်းက အသက်ရှူလမ်းကြောင်းကထွက်လာတဲ့ တံတွေး၊ သလိပ်တို့ကနေကူးစက်နိုင်တာဖြစ်ပေမယ့် အခုဆိုရင် ခန္ဓာကိုယ်ထဲမှအရည်တွေနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကနေလည်း ကူးစက်လာနိုင်ပါပြီ။

 

လက်ရှိကူးစက်ပျံ့ပွားမှုထဲမှာ အမျိုးသားချင်းနေထိုင်တဲ့သူ အများစုကူးစက်ထားသလို မည်သူ မဆိုလည်း ကူးစက်နေနိုင်ပါတယ်။

 

ကိုဗစ်ကန့်သတ်စည်းကမ်းတွေဖြေလျှော့ချိန်မှာ ထပ်မံပျံပွားခဲ့ကြတာကြောင့် မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကလည်း ဆင့်ကဲပြောင်းလဲခြင်းနဲ့ ခန္ဓာကိုယ်သဘောသဘာဝအရ ပြောင်းလဲခြင်းဖြစ်နိုင်သလားဆိုတာကို WHO က လေ့လာစစ်ဆေးနေပါတယ်။

 

အစောပိုင်းလေ့လာချက်တွေအရတော့ ဆင့်ကဲပြောင်းလဲခြင်း မဖြစ်နိုင်ဘူးလို့ တွေ့ရှိထားပါတယ်။

 

ကမ္ဘာ့ကပ်ရောဂါဖြစ်မလာခင် ဒီရောဂါကိုအဆုံးသတ်ဖို့ ရနိုင်သလောက်ကြိုးစားရမှာဖြစ်ကြောင်း ကပ်ရောဂါပြင်ဆင်ရေး ပူးပေါင်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ်'ရစ်ချတ်ဟက်ချက်'က အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

 

ကျောက်ရောဂါတုန်းက ကြိုးစားမြှုပ်နှံထားတာတွေကြောင့် နောက်ထွက်ပေါ်လာတဲ့ရောဂါအမျိုးအစားတွေကို အသင့်ကာကွယ်နိုင်တာဖြစ်ပါတယ်။

 

Source: Bloomberg.
#Yangon_Media_Group