#WorldHealth
Published 29 May 2022

 

မိခင်နို့ကို အချိန်ကြာတဲ့အထိသောက်သုံးခဲ့တဲ့ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ စဉ်းစားဉာဏ်ပိုမိုကောင်းမွန်သူများဖြစ်လာကြကြောင်း လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။

 

ဗြိတိန်မှကလေး ၇,၈၀၀ ကိုလေ့လာကြရာ မိခင်နို့ကို ၂ လအောက်သောက်သုံးခဲ့တဲ့ ကလေးများကတစ်ဖွဲ့၊ ၂ လမှ ၄ လအထိသောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့၊ ၄ လမှ ၆ လအတွင်းသောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့နဲ့ ၁ နှစ်အထက်သောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့ အသီးသီးခွဲပြီးလေ့လာခဲ့ကြပါတယ်။

 

အသက် ၁ နှစ်ကျော်အထိ အချိန်အကြာဆုံး မိခင်နို့သောက်သုံးခဲ့တဲ့ ကလေးတွေဟာ အသက် ၁၄ နှစ်အရွယ်မှာ မိခင်နို့မသောက်ခဲ့ရတဲ့ကလေးတွေနဲ့ ယှဉ်ရင် ဝေါဟာရဖြေဆိုမှုတွေမှာ အမှတ်အများဆုံးရရှိခဲ့ပါတယ်။

 

သူတို့ရဲ့အမှတ်ကွာခြားချက်က အိုင်ကျူ ၃ မှတ်စာလောက်ရှိတယ်လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှပညာရှင်များက ပြောပြခဲ့ကြပါတယ်။

အသက် ၄ လမှ ၆ လအထိ မိခင်နိုသောက်သုံးခဲ့တဲ့ကလေးတွေက အသက် ၇ နှစ်နဲ့ ၁၁ နှစ်အရွယ်ရောက်တဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ မေးခွန်းများ၊ စဉ်းစားဆင်ခြင်ခြင်းဆိုင်ရာ မေးခွန်းများ၊ သိရှိနိုင်စွမ်းမေးခွန်းများမှာ အကောင်းဆုံးဖြေဆိုတုန့်ပြန်နိုင်ခဲ့ပါတယ်။

မိခင်ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူမှုစီးပွားရေးအခြေအနေတို့ကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင် မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေဉာဏ်ရည်တိုးတက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။

 

မိခင်များအနေနဲ့ ကလေးအသက် ၆ လအထိ မိခင်နိုတိုက်ကျွေးသင့်ကြောင်း WHO က အကြံပြုထားပါတယ်။

 

ဒါပေမဲ့ ဗြိတိန်မှမိခင် ၄၈ ရာခိုင်နှုန်းနဲ့ အမေရိကန်မှမိခင် ၅၂ ရာခိုင်နှုန်းတို့သာ ကလေးအသက် ၆ လအထိ မိခင်နိုတိုက်ကျွေးကြပါတယ်။

 

"ဒီလိုကွာခြားချက်က သိပ်ပြီးတော့စိုးရိမ်စရာမရှိပါဘူး၊ လပေါင်းများစွာအထိ မိခင်နိုသောက်သုံးခဲ့ရခြင်းနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ခြင်းကြားခြားနားချက်က အိုင်ကျူ ၂ မှတ် ၃ မှတ်လောက်သာ ကွာခြားနိုင်တာဖြစ်ပါတယ်" လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှ ဒေါက်တာ'ရယ်နီပယ်ရီရာအယ်လီယက်စ်'က ပြောပြပါတယ်။

 

မိခင်နို့မှာ ကောင်းကျိုးအဆီပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ သံဓာတ်တို့လို အာဟာရများစွာပါဝင်နေပြီး ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ပါတယ်။

 

ဒါ့အပြင် နာမကျန်းဖြစ်ပွားခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်သလို ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေပါတယ်။

 

ပညာရေးကောင်းမွန်တဲ့ မိခင်တွေရဲ့ကလေးတွေနဲ့ ပိုမိုချမ်းသာတဲ့မိသားစုတွေမှ ကလေးတွေဟာ မိခင်နို့ကို ပိုမိုကြာရှည်စွာတိုက်ကျွေးကြလေ့ရှိတဲ့အပြင် အနီးကပ်သင်ကြားပေးခြင်း၊ ပြင်ပဗဟုသုတရစရာ နေရာများသို့ အလည်အပတ်သွားခြင်းတို့ကလည်း ပိုမိုအကျိုးရှိစေပါတယ်။

 

Plos ONE ဂျာနယ်ကဖော်ပြချက်အရ အချိန်ပိုမိုကြာရှည်စွာ မိခင်နိုတိုက်ကျွေးခြင်းက ဉာဏ်ရည်မြင့်မားတဲ့ မိခင်မှမွေးတဲ့ကလေးတွေနဲ့ ချမ်းသာတဲ့မိသားစုမှ လာတဲ့ကလေးတွေကဲ့သို့ ဉာဏ်ရည်မြင့်မားနိုင်ကြောင်း သုံးသပ်ထုတ်နှုတ်ထားပါတယ်။

 

Source: DailyMail.
#Yangon_Media_Group