#WorldHealth
Published 22 May 2022

မျောက်ကျောက်ရောဂါကူးစက်မှုကို အာဖရိကပြင်ပမှ နိုင်ငံ ၇ နိုင်ငံမှာတွေ့ရှိကြောင်း အတည်ပြုခဲ့ကြပြီး အခုနောက်ဆုံး အမေရိကန်၊ အီတလီ၊ ဆွီဒင်တို့မှာ တွေ့ရှိခဲ့ကြပါတယ်။

 

ကူးစက်သူအရေအတွက်က မကြာခင်ပိုမိုများပြားလာမယ်လို့ ပညာရှင်တစ်ဦးက ခန့်မှန်းလိုက်ပါတယ်။

 

မယ်ရီလန်း ဘော်တီမောလ်ရှိ ဂျွန်စ်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်ဒေါက်တာ’အာမက်ရှ်အဒယ်လ်ဂျာ'က အဆိုပါဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ချင်းထိတွေ့မှုကနေ ကူးစက်တာဖြစ်တယ်လို့ DailyMail ကို ပြောကြားခဲ့ပါတယ်။

မျောက်ကျောက်ရောဂါကူးစက်ခံရတဲ့ ဥရောပလူမျိုးအများစုဟာ လိင်တူနေအမျိုးသားများဖြစ်နေတာကို တွေ့ရှိရပါတယ်။

 

အဆိုပါ ရောဂါပျံ့ပွားမှုအတွင်း အမေရိကန်မှာပထမဆုံးရောဂါပိုးတွေ့ရှိခဲ့တဲ့ အမည်မသိလူနာဟာ ကနေဒါကို လတ်တလောသွားရောက်ထားပြီး ဆေးရုံတင်ကုသထားရပေမယ့် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မာဆာချူဆက်စ်မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့မှာ ကြေညာထားပါတယ်။

 

ဥရောပမှာ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ယူကေတို့မှာ ရောဂါပိုးတွေ့ရှိထားပြီး ကနေဒါမှာ ကူးစက်သူအနည်းဆုံး ၁၃ ယောက်ရှိကြောင်း သိရှိရပါတယ်။

 

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဗြိတိသျှလူမျိုးနဲ့ လေယာဉ်အတူစီးလာသူ ၆ ဦးကို အမေရိကန်တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပါတယ်။

 

ယခုပျံ့ပွားမှုအတွင်း သေဆုံးသူတစ်ဦးမျှ မရှိသေးပါဘူး။

 

အရင်က တိရိစ္ဆာန်ကနေ လူကိုကူးတာဖြစ်ပေမယ့် အနီးကပ်ထိတွေ့မယ်ဆိုရင် ကူးစက်နိုင်ချေများပါတယ်လို့ ‘အဒယ်လ်ဂျာ’က ရှင်းပြပါတယ်။

 

လေယာဉ်ပေါ်မှာ ရောဂါပိုးကူးစက်ထားသူနဲ့ လိုက်ပါခဲ့သူ ၆ ယောက်က ကူးစက်မယ်လို့ မထင်ကြောင်း၊ ဘာာကြောင့်လဲဆိုတော့ လေယာဉ်ပေါ်မှာက တစ်ဦးနဲ့တစ်ဦးထိတွေ့နိုင်ချေနည်းပါးတာကြောင့်ဖြစ်ကြောင်း ရှင်းပြသွားပါတယ်။

 

ဒီဗိုင်းရပ်စ်က အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ အတွေ့များပြီး အနီးကပ်ထိတွေ့ခြင်းမှ တိရိစ္ဆာန်နဲ့လူသားတို့ အပြန်အလှန်ကူးစက်နိုင်တာဖြစ်ပါတယ်။

 

ကူးစက်ခံရသူတွေဟာ အရေပြားပေါ်မှာ အဖုအပိန့်အနာများ ထွက်ပေါ်တတ်ပြီး တုပ်ကွေးလက္ခဏာာများလည်း ဖြစ်ပေါ်တတ်ပါတယ်။

 

အခုလက်ရှိတွေ့နေရတဲ့ဗိုင်းရပ်စ်ကတော့ ရောဂါကြောင့်သေဆုံးနိုင်ချေ ၁ ရာခိုင်နှုန်းအောက်သာရှိတယ်လို့ ယူဆနေကြပါတယ်။

 

ယောက်ျားချင်းအတူနေတဲ့သူများ ကူးစက်နိုင်ချေ အများဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က သတိပေးလိုက်ပါတယ်။

 

Source: Dailymail.
#Yangon_Media_Group