#WorldHealth
Published 22 May 2022

 

အမေရိကန်မှာ ကိုဗစ်ကူးစက်မှုနဲ့ ဆေးရုံတက်ကုသခံယူရမှုများ မြင့်မားလာကာ လူ ၃ ယောက်မှာ ၁ ယောက်နှုန်း ကူးစက်ခံနေရတာကြောင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ ကာကွယ်ရေးအတိုင်းအတာများ ပြန်လည်လုပ်ဆောင်သင့်ကြောင်း အစိုးရအုပ်ချုပ်ရေးအရာရှိများက သတိပေးတိုက်တွန်းလိုက်ပါတယ်။

 

အခုရက်ပိုင်းအတွင်း တစ်နေ့တည်းမှာပင် ကူးစက်သူပေါင်း ၁ သိန်းနီးပါးအထိ ရှိလာပါပြီ။

 

ဒီအရေအတွက်ဟာ အမှန်တကယ်ကူးစက်မှုထက် နည်းပါးနိုင်ပြီး အိမ်မှာတင်ကိုဗစ်စစ်ဆေးလာနိုင်တာကြောင့် သတင်းမပို့တဲ့သူတွေလည်းရှိနိုင်ကြောင်း တာဝန်ရှိသူများက ယူဆထားပါတယ်။

 

ရောဂါကူးစက်သူတွေနဲ့ ဆေးရုံတက်ကုသခံယူရမှုတွေများလာတာကြောင့် သတိပေးချက် အဝါရောင်အဆင့် သို့မဟုတ် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး လူအများကြားနှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ ကာကွယ်ရေးအတိုင်းအတာများဆောင်ရွက်ဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ညွှန်ကြားရေးမှူး’ရိုချယ်လ်ဝယ်လန်စကီ’က တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်ရောဂါစစ်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကူးစက်လာခဲ့ရင် စောလျင်စွာကုသခံယူခြင်း၊ ကာကွယ်ဆေးထိုးခြင်းများပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

 

အမေရိကန်ရှိ ကိုဗစ်ကြောင့်သေဆုံးသူအရေအတွက် ၁ သန်းကျော်ခဲ့ပြီဖြစ်ရာ ကပ်ရောဂါအစကခန့်မှန်းချက်ထက် ပိုများနေခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ‘ဝယ်လန်စကီ’အပြင် အိမ်ဖြူတော်မှကိုရိုနာကြီးကြပ်ရေးမှူး’အာရှစ်ဂျာ’နဲ့ ဆေးပညာအကြံပေးအရာရှိချုပ်’အန်သိုနီဖော်ချီ’တို့ကပါ သတိပေးချက်များ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ကူးစက်မှုတွေက ပြီးခဲ့တဲ့အပတ်ကထက် ၂၆ ရာခိုင်နှုန်းများလာကာ ပြီးခဲ့တဲ့လကထက် ၃ ဆပိုများလာတာဖြစ်ပါတယ်။

 

အိုမီခရွန်မျိုးနွယ်ခွဲ ဗိုင်းရပ်စ်တွေကလည်း ခန္ဓာကိုယ်ခုခံအားကို ရှောင်ရှားနိုင်တာကြောင့် ‌လာမယ့်ဆောင်းဦးနဲ့ ဆောင်းရာသီတိုမှာ ကူးစက်မှုလှိုင်းတွေကနေ ကူးစက်သူ ၁ သန်းခန့်ရှိလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

 

အစိုးရအနေနဲ့ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ရောဂါပိုးစစ်ဆေးရေးပစ္စည်းတွေ၊ အရည်အသွေးမြင့် နှာခေါင်းစည်းတွေ မဝယ်ယူနိုင်ပါက ကူးစက်မှုလှိုင်းရောက်လာရင် အန္တရာယ်များကြောင်း တာဝန်ရှိသူများက သတိပေးလိုက်ပါတယ်။

 

မိုဒါနာနဲ့ ဖိုင်ဇာဘိုင်အိုတက်ခ်ကုမ္ပဏီတို့က အိုမီခရွန်မျိုးနွယ်ဝင်ဗိုင်းရပ်စ်အားလုံးကို ကာကွယ်နိုင်မယ့် အားမြှင့်ကာကွယ်ဆေးထုတ်လုပ်စမ်းသပ်လျက်ရှိပါတယ်။

 

လွန်ခဲ့တဲ့လတွေတုန်းက အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်ထောက်ပံ့ရေးစရိတ် ၂၂.၅ ဘီလီယံတောင်းခံခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ပါဘူး။

ကူးစက်မှုမြင့်တက်လာခြင်းအကြောင်းအရင်းက နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းနဲ့ လူအများနေရာတွေမှာ လူဦးရေကန့်သတ်ခြင်း စတဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ခြင်းကြောင့်လည်း ပတ်သက်နေပါတယ်။

 

Source: The Washington Post.

#Yangon_Media_Group