#WorldPolitics
Published - 25 March 2022


အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'က ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ 'ဟီလာရီကလင်တန်'နဲ့ အခြားဒီမိုကရက်တစ်နိုင်ငံရေးသမားများစွာကို ကြာသပတေးနေ့က တရားစွဲဆိုလိုက်ပါတယ်။

ရုရှားကို ထရမ့်သွားရောက်စည်းရုံးခဲ့တာကိုအကြောင်းပြပြီး ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ လိမ်လည်ကြံစည်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ 'ထရမ့်'ကစွပ်စွဲလိုက်တာဖြစ်ပါတယ်။

ထိုတရားစွဲဆိုချက်ထဲမှာ 'ထရမ့်'သမ္မတဖြစ်စဉ်ပထမဆုံးလေးနှစ်အတွင်း ထပ်ခါထပ်ခါထုတ်ပြန်ခဲ့တဲ့မကျေနပ်ချက်တွေ တသီတတန်းကြီးပါဝင်နေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ'ဂျိုးဘိုင်ဒန်'ကိုအရေးနိမ့်ခဲ့ရာမှာလည်း လိမ်လည်ကြံစည်မှုကြီးကြောင့်လို့ အခိုင်အမာဆိုထားပါတယ်။

"တရားခံတွေက ရီပတ်ဘလစ်ကန်ပြိုင်ဘက်ဒေါ်နယ်ဂျေထရမ့်ဟာ ရန်ဘက်နိုင်ငံတစ်ခုနဲ့ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေကို မသမာတဲ့နည်းနဲ့ပူးပေါင်းလုပ်ကြံခဲ့ပါတယ်" လို့ သမ္မတဟောင်းက ၁၀၈ မျက်နှာပါတဲ့ အမှုစွပ်စွဲချက်ကြီးကို ဖလော်ရီဒါရှိ ဖက်ဒရယ်တရားရုံးမှာ လျှောက်တင်ခဲ့တာဖြစ်ပါတယ်။

သူတစ်ပါးအားထိခိုက်နစ်နာစေတဲ့ သတင်းမှားတွေကိုပူးပေါင်းကြံစည်ခြင်းနဲ့ မသမာမှုပြုလုပ်ခြင်းဆိုတဲ့အကြောင်းအရာတွေနဲ့ အဓိကတရားစွဲဆိုထားတာပါ။

ကလင်တန်ရဲ့ကိုယ်စားလှယ်တစ်ဦးကတော့ ဒီကိစ္စကိုမှတ်ချက်ပြုဖို့ ငြင်းဆန်သွားပါတယ်။
တရားစွဲဆိုမှုမှာ လျော်ကြေးနဲ့နစ်နာကြေးတွေတောင်းဆိုဖို့ ပါဝင်နေပါတယ်။

'ထရမ့်'က တရားရုံးကဆုံးဖြတ်တဲ့ကုန်ကျစရိတ်အတိုင်း ပေးဆောင်ရဖို့ရှိနေပြီး ဒေါ်လာ ၂၄ သန်းကျော်ကုန်ကျနိုင်တဲ့အပြင် တရားခုခံရေးစရိတ်၊ တရားဝင်အခကြေးစရိတ်၊ ဆက်စပ်ကုန်ကျစရိတ်များလည်း ပါဝင်လာနိုင်ပါတယ်။

မသမာမှုကိစ္စများကိုကိုင်တွယ်ရာမှာကျွမ်းကျင်တဲ့ ရှေ့နေ'ဂျက်ဖ်ဂရဲလ်'က 'ထရမ့်'အနေနဲ့ အချိန်အကြာကြီးနေမှ မသမာမှုကိုတိုင်ကြားတာဖြစ်လောက်တယ်လို့ ဆိုပါတယ်။
အရပ်ဘက်မသမာမှုတိုင်ကြားခြင်းတွေကို အချိန် ၄ နှစ်အတွင်းကိုင်တွယ်ဆုံးဖြတ်ခွင့်ရှိပါတယ်။

ဒါပေမဲ့ အဲဒီ ၄ နှစ်ဆိုတဲ့သက်တမ်းက ဘယ်အချိန်ကစပြီးသတ်မှတ်သလဲဆိုတာကတော့ အငြင်းပွားမှုရှိနေဆဲဖြစ်ပါတယ်။

တရားစွဲဆိုခံရသူတွေကတော့ တရားခုခံပိုင်ခွင့်အမျိုးမျိုးဖြင့် ပြန်လည်ချေပနိုင်ပေမယ့် အချိန်ကြာမြင့်စွာတရားစွဲဆိုပြီးမှသာ ဒီလိုခုခံချေပလေ့ရှိကြောင်း 'ဂရဲလ်'ကဆိုပါတယ်။
'ထရမ့်'တရားစွဲဆိုတဲ့သူတွေထဲမှာ ဗြိတိန်ထောက်လှမ်းရေးအရာရှိဟောင်း'ခရစ္စတိုဖာစတီးလ်'လည်း ပါဝင်နေပါတယ်။

၂၀၁၆ ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲမတိုင်ခင် 'စတီးလ်'ရေးသားဖော်ပြခဲ့တဲ့စာရွက်စာတမ်းဖော်ပြချက်ထဲမှာ 'ထရမ့်'ရဲ့ ရီပတ်ဘလစ်ကန်စည်းရုံးရေးအကြံပေးတွေနဲ့ ရုရှားတို့ဟာ ကလင်တန်ကိုအနိုင်ရဖို့ နောက်ကွယ်ကနေပူးပေါင်းကြံစည်ခဲ့ကြကြောင်း စွပ်စွဲရေးသားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က အမေရိကန်လွှတ်တော်ကော်မတီမှထုတ်ပြန်ခဲ့ရာမှာ ရုရှားတို့က ရီပတ်ဘလစ်ကန်နိုင်ငံရေးလှုပ်ရှားသူ'ပေါလ်မန်နာဖော့'နဲ့ WiKiLeaks ဝက်ဘ်ဆိုက်တို့ ကိုအသုံးချပြီး ၂၀၁၆ ရွေးကောက်ပွဲမှာ 'ထရမ့်'အနိုင်ရအောင် ကူညီပေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲကိစ္စမှာ ရုရှားတို့ကပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့သတင်းကို ရုရှားတို့ကငြင်းဆိုခဲ့ပါတယ်။

FBI ညွှန်ကြားရေးမှူးဟောင်း'ရောဘတ်မူလာ'က "ထရမ့်သမ္မတဖြစ်ရင် သူတို့ အတွက်အကျိုးရှိမယ်ဆိုတာကို ရုရှားတို့ ရိပ်မိခဲ့ပြီး ထရမ့်အနိုင်ရရှိအောင် လုပ်ပေးခဲ့ပါတယ်။ စည်းရုံးရေးအဖွဲ့ ကလည်း ရုရှားတို့ ကနေတဆင့် အချက်အလက်တွေရရှိပြီး ရွေးကောက်ပွဲမှာအနိုင်ရဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါလိမ့်မယ်" လို့ သတင်းပို့ တင်ပြခဲ့ပါတယ်။
Source: Reuters