#WorldPolitics
Published - 19 January 2022


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ထိပ်သီးသံတမန်တစ်ဦးက ယူကရိန်းအရေးကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာအကျပ်အတည်းကိုဖြေရှင်းဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီအပတ်အတွင်း ဂျီနီဗာမှာ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းခေါင်းဆောင်တွေနဲ့ ကိဗ်မြို့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး ဥရောပမှတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း ဘာလင်မြို့မှာ ဆက်လက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအနီးမှာ ရုရှားစစ်အင်အားသောင်းဂဏန်းခန့် နေရာချထားတာကြောင့် ယူကရိန်းနဲ့ အနောက်ဘက်မဟာမိတ်အဖွဲ့တွေက စိုးရိမ်ပူပန်နေမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သွားရောက်ဆွေးနွေးမှာဖြစ်ပါတယ်။

အမေရိကန်တို့က ပဋိပက္ခတွေမဖြစ်ချင်ဘဲ ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
"ရုရှားသမ္မတဗလာဒီမီယာပူတင်က ဒီပြဿနာတွေကို လျော့ကျသွားနိုင်အောင် လုပ်နိုင်တဲ့အင်အားရှိပါတယ်။ ဒါမှ အမေရိကန်နဲ့ရုရှားတို့က ရန်ငြိုးတွေမပါဘဲ ဆက်ဆံနိုင်မှာဖြစ်ပါတယ်" လို့ အရာရှိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အစီအစဉ်မရှိဘူးလို့ ရုရှားတို့က ငြင်းဆိုထားပေမယ့် တောင်းဆိုချက်အများအပြားကိုတော့ ထုတ်ဖော်ပြောဆိုထားပြီး အနောက်နိုင်ငံအနေနဲ့ အဆိုပါတောင်းဆိုချက်တွေကို မလိုက်လျောနိုင်ပါက စစ်ရေးအရဆောင်ရွက်သွားဖွယ်ရှိကြောင်း ဆိုထားပါတယ်။

အန်တိုနီဘလင်ကန်က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလ်ဘာတို့နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
အဲဒီနောက် ဘာလင်မြို့မှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘယ်အာဘော့နဲ့ တွေ့ဆုံပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ပါဝင်ပတ်သက်နေတဲ့ ထရန်စ်အတ္တလန်တိတ်လေးနိုင်ငံအဖွဲ့နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဘလင်ကန်က သောကြာနေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်နဲ့ ဂျီနီဗာမှာတွေ့ဆုံပြီး ရုရှားနဲ့သံတမန်ရေး ဆွေးနွေးသွားမှာဖြစ်ကြောင်း အကြီးတန်းအရာရှိက ဆိုပါတယ်။

ဘလင်ကန်နဲ့လက်ဗ်ရော့ဗ်တို့ဟာ အင်္ဂါနေ့က ပြောဆိုဖြစ်ခဲ့ကြပြီးနောက် လူချင်းတွေ့ဆုံဆွေးနွေးဖို့ နှစ်ဘက်စလုံးက ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ဗ်ရော့ဗ်က အမေရိကန်နဲ့ သံတမန်ရေးဆွေးနွေးဖို ကြိုဆိုလိုက်ပြီး ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ယူကရိန်းအရှေ့ဘက်ရှိ ရုရှားခွဲထွက်ရေးသမားတွေအကြား ပဋိပက္ခတွေကို အဆုံးသတ်ရန်ရည်ရွယ်ထားတဲ့ သဘောတူညီချက်တွေကို ယူကရိန်းတို့က ဖျက်ဆီးဖို့လုပ်နေတယ်လို့ ရုရှားတို့က အကြိမ်ကြိမ်စွပ်စွဲပြောကြားထားပါတယ်။

ယခုလအတွင်း သံတမန်ရေးဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ရုရှားဘက်က နိုင်ငံရေးတင်းမာမှုတွေကို လျှော့ချဖို့ မမြင်သေးကြောင်း၊ ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလအတွင်း ရုရှားတို့က ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း အရာရှိက ပြောကြားလိုက်ပါတယ်။

ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ဆိုထားတဲ့အတွက် ယူကရိန်းနဲ့နီးစပ်တဲ့ ဘီလာရုစ်တောင်ဘက်ခြမ်းမှာ တနင်္လာနေ့ကတည်းက ရုရှားစစ်တပ်တွေ ဖြန့်ကျက်ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ထားပါတယ်။

ရုရှားရဲ့စစ်တပ်အင်အားက စစ်ရေးလေ့ကျင့်တယ်လို့ ဆိုလိုရလောက်တဲ့အင်အားပမာဏထက် များလွန်းနေပြီး အိမ်နီးချင်းယူကရိန်းကို တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။
ယူကရိန်းကိုကျူးကျော်ပါက စီးပွားရေးထိခိုက်မှုတွေ ခံစားရမယ်လို့ ဘိုင်ဒန်က ရုရှားကိုသတိပေးထားပါတယ်။

ဂျာမနီက ရုရှား-ယူကရိန်းပဋိပက္ခအကြား သူတို့ရဲ့အချက်အခြာကဏ္ဍတွေကို ကာကွယ်နိုင်ဖို့ အပြည့်အဝထောက်ပံ့သွားမှာဖြစ်ကြောင်း ဘယ်အာဘော့က ရုရှားဘက်ကို ပြောကြားထားပါတယ်။

ယူကရိန်းတို့က သူတို့ရဲ့ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်တဲ့အနေနဲ့ အနောက်နိုင်ငံတွေမှ လက်နက်တွေနဲ့ အားဖြည့်ထားပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ သူတို့ဘာသာ ခုံခံကာကွယ်နိုင်ဖို့ တင့်ကားဖျက်လက်နက်တွေ ထောက်ပံ့ပေးထားကြောင်း ဗြိတိန်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
Source: Reuters