#WorldHealth
Published 19 January 2022
ထိုင်းနိုင်ငံမှ ဘိုင်ယာဖိုက်တိုဖမ် (Baiya Phytopharm)ကုမ္ပဏီက နိုင်ငံအတွင်း ပထမဆုံးကိုဗစ်ကာကွယ်ဆေးကို ဆေးရွက်ကြီးဖြင့်အသုံးပြုထုတ်လုပ်သွားနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဘိုင်ယာဖိုက်တိုဖမ်ကုမ္ပဏီကို ၂၀၁၈ ခုနှစ်က ဒေါက်တာ ဆူသီယာတေချာခွန်နာဗူဒီနဲ့ ဒေါက်တာ ဝါရန်ယူဖူချာရွန်တို့က တည်ထောင်ခဲ့ကြပြီး အခုအခါ ဩစတြေးလျဆေးရွက်ကြီးတစ်မျိုးကို အသုံးပြုကာ ကာကွယ်ဆေးထုတ်လုပ်ဖို့ စမ်းသပ်နေကြပါတယ်။
ဆူသီယာက ချူလာလောင်ကွန်တက္ကသိုလ်မှ အသက် ၃၇ နှစ်ရှိ စာသင်ကြားသူတစ်ဦးဖြစ်ပြီး သူနဲ့သိပ္ပံပညာရှင်အဖွဲ့က ထိုင်းနိုင်ငံအနေနဲ့ ကာကွယ်ဆေးတင်သွင်းနေရတဲ့ အခြေအနေကနေ ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း CNBC ကို ပြောကြားသွားပါတယ်။
ဘိုင်ယာဖိုက်တိုဖမ်ကုမ္ပဏီဟာ အဆိုပါတက္ကသိုလ်ရဲ့ ကာကွယ်ဆေးသုတေသနစင်တာမှာ ပူးပေါင်းလုပ်ကိုင်တဲ့ ပထမဆုံးထိုင်းကုမ္ပဏီတစ်ခုဖြစ်ကာ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေထုတ်လုပ်ဖို့ နည်းပညာတွေကို စမ်းသပ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ်နဲ့ ထိုင်းနိုင်ငံအစိုးရတို့ရဲ့ ခွင့်ပြုချက်ဖြင့် ဒီလုပ်ငန်းကို ထောက်ပံ့ပေးထားတာဖြစ်ပြီး ရန်ပုံငွေတွေကနေ ဒေါ်လာ ၃ မီလီယံရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလက ဆေးရွက်ကြီးဖြင့်ပြုလုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး ပထမအဆင့်ကို လူသားဖြင့်စမ်းသပ်မှု ပြီးမြောက်ခဲ့ပါတယ်။
ဆေးရွက်အခြေခံပြီးထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေက အခုထက်ထိတော့ မပေါ်ပေါက်သေးပါဘူး။
အခုအချိန်ထိသိရသလောက်က အဆိုပါဆေးစမ်းသပ်ထိုးနှံခဲ့တဲ့သူအားလုံး ဘေးကင်းစိတ်ချရကြောင်း၊ ထိရောက်မှုနှုန်းကို အတည်ပြုဖို့ စောလွန်းပေမယ့် ဒီကာကွယ်ဆေးတွေကို စံချိန်စံနှုန်းနဲ့အညီ အသုံးပြုခွင့်ရဖို့ ရည်မှန်းထားကြောင်း ဆူသီယာက ပြောပါတယ်။
ကုမ္ပဏီက သူတိုရဲ့ကာကွယ်ဆေး ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို ဖေဖော်ဝါရီလနဲ့ ဇွန်လတို့မှာ စတင်စမ်းသပ်သွားဖို့ ရည်ရွယ်ထားပါတယ်။
ရရှိလာတဲ့အချက်အလက်တွေကို ထိုင်းနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးထံမှာ လျှောက်ထားကာ ယခုနှစ်နှောင်းပိုင်းမှာ ကာကွယ်ဆေးအသုံးပြုခွင့်ရဖို့ မျှော်မှန်းထားပါတယ်။
သူတို့ရဲ့ကာကွယ်ဆေးကို အသိအမှတ်ပြုပေးလိုက်ပါက မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။
လက်ရှိမှာတော့ ဘိုင်ယာကုမ္ပဏီဟာ တစ်လကို ကာကွယ်ဆေး ၅ သန်းခန့်ထုတ်လုပ်နိုင်ပြီး တစ်နှစ်ကို ကာကွယ်ဆေးပေါင်း သန်း ၆၀ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
အခုလိုမျိုး နောက်ထပ်ကာကွယ်ဆေးထုတ်လုပ်ရေးနေရာတွေသာ များပြားလာပါက ထိုင်းနိုင်ငံအတွက်သာမက အနီးနားမှ နိုင်ငံတွေအတွက်ပါ ထုတ်လုပ်ပေးနိုင်မှာဖြစ်ကြောင်း ဆူသီယာက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကာကွယ်ဆေးအသစ်တွေ ဆေးဝါးအသစ်တွေထုတ်လုပ်ပြီး ပြည်သူ့ကျန်းမာရေးပြဿနာများကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ဘိုင်ယာကုမ္ပဏီက လက်တွေ့လုပ်ဆောင်သွားဖို့ အလိုရှိနေပါတယ်။
အဆိုပါကုမ္ပဏီဟာ ဒီဆေးရွက်ကြီးကိုပဲအသုံးပြုပြီး ကင်ဆာကုသဆေးတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်မယ့်ဆေးတွေကိုလည်း စမ်းသပ်လျက်ရှိပါတယ်။
ဒီလုပ်ငန်းဟာ အကျိုးအမြတ်ရဖို့အတွက်မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း မျိုးဆက်သစ်တွေအတွက်ပါ သုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
"ကျွန်မတို့ထုတ်လုပ်တဲ့ဆေးတွေဟာ လူအများတတ်နိုင်တဲ့ပစ္စည်းတွေဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ထိုင်းနိုင်ငံကလူတွေအတွက်သာမကပဲ ဆေးဝယ်ယူဖို့ မတတ်နိုင်တဲ့သူတွေကိုပါ ရရှိစေချင်တာဖြစ်ပါတယ်" လို့ ဆူသီယာက ပြောကြားသွားပါတယ်။
Source: CNBC
#Yangon_Media_Group