#WorldHealth

Published 19 January 2022

 

ဖိုင်ဇာကထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ် (Paxlovid) ကိုဗစ်ကုသဆေးဖြင့်ကုသပေးခြင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါခံစားနေရသူ ၉၀ ရာခိုင်နှုန်းကျော်ကို ၃ ရက်အတွင်း သိသိသာသာ ရောဂါသက်သာလာစေကြောင်း မက်ကာဘီကျန်းမာရေးစောင့်ရှောက်မှုအဖွ့်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

"ကိုဗစ်ရောဂါကြောင့် နေမကောင်းဖြစ်နေတဲ့သူတွေကို ဒီဆေးအသုံးပြုကြည့်ဖို့ ညွှန်းချင်ပါတယ်။ ပက်ဇ်လိုဗစ်ဆေးက ကိုဗစ်ရောဂါကုသရာမှာ သင့်လျော်ပြီး ဆေးရုံတက်ကုသခံယူမှုနဲ့ အသက်သေဆုံးမှုတို့ကို ဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်" လို့ မက်ကာဘီဌာနခွဲအကြီးအမှူး ဒေါက်တာမီရီမစ်ဇ်ရာဟီရူဗနီက ပြောကြားလိုက်ပါတယ်။

 

စစ်တမ်းလေ့လာချက်တွေအရ ဒီဆေးရဲ့အရည်အသွေး ထိရောက်မှုကို ယုံကြည်စိတ်ချနိုင်ပြီး အခုလိုကိုဗစ်ရောဂါပျံ့ပွားနေတဲ့ကာလမှာ ရောဂါတိုက်ဖျက်ဖို့ အရေးကြီးတဲ့ကုသမှုဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။

 

မက်ကာဘီအဖွဲ့မှာ အဖွဲ့ဝင် ၂.၅ သန်းခန့်ပါဝင်ကာ အစ္စရေးမှာ ဒုတိယအကြီးမားဆုံးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဖြစ်ပြီး အခုအချိန်အထိ အဖွဲ့ဝင် ၈၅၀ ကို ပက်ဇ်လိုဗစ်ဆေးဖြင့် ကုသပေးထားပြီဖြစ်ပါတယ်။

 

ရောဂါဖြစ်ခဲ့ရင် ဆေးကို စောနိုင်သမျှ စောစောပေးသင့်ပြီး ရောဂါလက္ခဏာစပေါ်တဲ့ရက်ကနေ ၅ ရက်မကျော်ခင်အချိန်အတွင်း စတင်ကုသသင့်ပါတယ်။

 

ဆေးသောက်ပုံကုသနည်းကတော့ ၁ ကြိမ်လျှင် ဆေး ၃ လုံးဖြင့် တစ်နေ့ ၂ ကြိမ်သောက်သုံးရမည်ဖြစ်ပြီး ၅ ရက်တာအထိ ကုသသွားရမှာဖြစ်ပါတယ်။

သာမန်ရောဂါအပျော့စားခံစားနေရာကနေ ရောဂါအခြေအနေဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်တဲ့လူနာတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်တားတာ ဖြစ်ပါတယ်။

 

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ရောဂါလက္ခဏာစပေါ်ပြီး ၃ ရက်အတွင်း စတင်ကုသပါက ဆေးရုံတက်ကုသခံယူမှုနဲ့ အသက်သေဆုံးမှုတို့မှာ ၈၉ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း တွေ့ရပါတယ်။

 

အစ္စရေးမှာ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး အဆိုပါဆေးကို အသုံးပြုနေပြီဖြစ်ပါတယ်။ဒီကုသမှုကိုခံယူထားတဲ့လူနာတွေဟာ ပထမရက်မှာ ၆၀ ရာခိုင်နှုန်း သက်သာလာကာ ၃ ရက်အတွင်းမှာ ၉၂ ရာခိုင်နှုန်းသက်သာလာပြီး ရောဂါလက္ခဏာတွေ လျော့နည်းလာကြောင်း အကြောင်းပြန်ခဲ့ကြပါတယ်။

 

ကုသမှုစတင်အသုံးပြုတဲ့ မက်ကာဘီအဖွဲ့ဝင်တွေထဲမှာ ၆ ရာခိုင်နှုန်းသောလူတွေက ဘေးထွက်ဆိုးကျိုးခံစားရတာကြောင့် ကုသမှုရပ်တန့်ပစ်ခဲ့ပါတယ်။

 

ဘေးထွက်ဆိုးကျိုးခံစားရတဲ့လူ ၆၂ ရာခိုင်နှုန်းမှာ ၃ ပုံ ၁ ပုံလောက်က ခံတွင်းပျက်ခြင်းကို ခံစားရကြောင်း၊ ၁၈ ရာခိုင်နှုန်းသောလူတွေက ဝမ်းပျက်ခြင်းခံစားရကြောင်း၊ ၁၁ ရာခိုင်နှုန်းက အနံ့အရသာပျောက်ခြင်း၊ ၇ ရာခိုင်နှုန်းက ကြွက်သားကိုက်ခဲခြင်း၊ ၄ ရာခိုင်နှုန်းက ခေါင်းကိုက်ခဲခြင်းဝေဒနာတို့ကို ခံစားခဲ့ရပါတယ်။

 

ပက်ဇ်လိုဗစ်ဆေးဖြင့် ကုသခဲ့တဲ့လူနာတွေထဲမှာ သေဆုံးသူမရှိခဲ့ပါဘူး။၂၅ ရာခိုင်နှုန်းသောလူတွေက အဆိုပါဆေးဖြင့်ကုသခံယူဖို့ ငြင်းဆိုခဲ့ကြပါတယ်။ပက်ဇ်လိုဗစ်ဆေးဖြင့်ကုသခံယူဖို့ လူ ၇၅၃ ဦး ငြင်းပယ်ခဲ့ကြပြီး ၁,၆၂၃ ဦးက ကုသဖို့လက်ခံခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။

 

ကုသဖို့ငြင်းဆိုထားတဲ့လူအများစုက ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့သူတွေ ဖြစ်နေနိုင်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။

 

တနင်္လာနေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က လူနာ ၁၈၈ ဦးကို ကုသခွင့်ရခဲ့ရာမှာ ၁၃၃ ဦးက ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသား လူတွေဖြစ်ပြီး ၃၃ ဦးက ကာကွယ်ဆေးလုံးဝမထိုးထားသူတွေ ဖြစ်ပါတယ်။

 

မက်ကာဘီအဖွဲ့ဝင် ၄၆ ယောက်ကကုသမှုခံယူဖို့ ငြင်းဆိုခဲ့ပြီး ၁၃ ယောက်က ကာကွယ်ဆေးမထိုးရသေးသူတွေ ဖြစ်ပါတယ်။

Source: The Jerusalem Post.
#Yangon_Media_Group