#World_Health

Published - 18 January 2022
ဆေးရွက်ခြောက်တွေမှာ ပါဝင်တဲ့အချို့ဒြပ်ပေါင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ဆဲလ်တွေထဲ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ချေရှိကြောင်း သဘာဝထွက်ကုန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဆိုပါလေ့လာမှုကို လီနပ်စ်ပေါလင်တက္ကသိုလ်၊ ဆေးဝါးကောလိပ်၊ အော်ရီဂွန်ပြည်နယ်ဆေးခြောက်ရွက်တီထွင်စမ်းသပ်စင်တာမှ သိပ္ပံပညာရှင် ရစ်ချတ်ဗန်ဘရီမန်က ဦးဆောင်ပြီး အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဆေးရွက်ခြောက်တွေမှာတွေ့ရတဲ့ ကန်နာဘီဂျရောလစ်အက်ဆစ် (CBGA)နဲ့ ကန်နာဘီဒိုင်ယောလစ်အက်ဆစ် (CBDA) တိုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါတွေနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေဆီ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါအက်ဆစ်တွေက SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ စပိုက်ခ်ပရိုတိန်းကို သွားပေါင်းလိုက်ကာ ခန္ဓာကိုယ်ထဲရှိဆဲလ်တွေကို ဗိုင်းရပ်စ်မကူးစက်အောင် အဓိကနေရာက တားဆီးဆောင်ရွက်ပေးပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေနဲ့ antibody အခြေပြုကုသနည်းတွေမှာလည်း အဆိုပါစပိုက်ခ်ပရိုတိန်းကိုပဲ ပစ်မှတ်ထားပေါင်းစည်းစေတာဖြစ်ပါတယ်။

"ဆေးခြောက်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်တွေက SARS-CoV-2 ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ဆဲလ်တွေထဲ မဝင်နိုင်အောင် တားဆီးပေးပါတယ်။ စပိုက်ခ်ပရိုတိန်းတွေကို ပေါင်းစည်းလိုက်တာကြောင့် အဲဒီပရိုတိန်းတွေက အဆုတ်နဲ့အခြားအင်္ဂါတွေရဲ့ အင်ဒိုသီလီယယ်ဆဲလ်အပြင်ဘက်မှာရှိတဲ့ ACE2 အင်ဇိုင်းတွေကို သွားမပေါင်းနိုင်တော့ပါဘူး" လို့ ဗန်ဘရီမန်က ရှင်းပြထားပါတယ်။

ဆေးခြောက်မှာပါဝင်တဲ့ အက်ဆစ်ဒြပ်ပေါင်း ၂ မျိုးစလုံးဟာ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ အယ်လ်ဖာနဲ့ ဘီတာမျိုးဗီဇကွဲတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ မျိုးဗီဇကွဲတွေနဲ့ နောင်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေမှာလည်း ဗန်ဘရီမန်ရဲ့တွေ့ရှိချက်ကို အသုံးချကာကွယ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဆေးခြောက်မျိုးစိတ်ဝင်တစ်မျိုးဖြစ်တဲ့ Cannabis sativa မျိုးစိတ်ကို ဆေးဝါးဖော်စပ်မှုတွေ၊ အဟာရဖြည့်စွက်စာထုတ်လုပ်မှုတွေ၊ တိရိစာ္ဆန်အစာထုတ်လုပ်မှုတွေ၊ အလှကုန်ပစ္စည်းထုတ်လုပ်မှုတွေအတွက် စက်ရုံလုပ်ငန်းတွေမှာ အသုံးပြုလျက်ရှိပါတယ်။

အဲဒီဒြပ်ပေါင်းတွေကို ပါးစပ်ကနေသောက်သုံးနိုင်ပြီး SARS-CoV-2 ကူးစက်ခြင်းကို ကုသကာကွယ်ပေးနိုင်မယ်လို့ ဗန်ဘရီမန်က ဖော်ပြထားပါတယ်။

"ဆေးရွက်ခြောက်မှာတွေ့ရှိရတဲ့ ဒြပ်ပေါင်းတွေက ကန်နာဘီဒိုင်ယောလစ်အက်ဆစ်၊ CBD-A၊ CBG-A၊ THC-A တိုဖြစ်ပါတယ်။ အဲဒီဒြပ်ပေါင်းတွေပါဝင်တဲ့ ဆေးခြောက်တွေကို ဆေးလိပ်ဖြင့်သောက်သုံးခြင်း ဒါမှမဟုတ် vape ဖြင့် သောက်သုံးခြင်းပြုလုပ်ပါက အပူရှိန်ကြောင့် ဓာတုဓာတ်ပြိုကွဲခြင်းနဲ့ CBD-A မှ CBD, CBG-A မှ CBG, THC-A မှ THC သို ပြောင်းလဲသွားပါတယ်။ CBD, CBG နဲ့ THC တိုကတော့ ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး" လို့ ဗန်ဘရီမန်က ဆိုပါတယ်။
Source: nbcnewyork