#World_Health
Published  -  18 January 2022


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ပုံ ၁ ပုံခန့်ဟာ ကွာရန်တင်း ၅ ရက်နေထိုင်ပြီးတာတောင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံစေနိုင်သေးကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

PCR test စမ်းသပ်ချက်တွေမှာ ဗိုင်းရပ်စ်အမှုန်တွေကို ရှာဖွေတွေ့ရှိနိုင်ပေမယ့် အဲဒီဗိုင်းရပ်စ်တွေက ရောဂါကူးစက်စေနိုင်သေးလား ဒါမှမဟုတ် အန္တရာယ်မပေးနိုင်တော့တဲ့ ဗိုင်းရပ်စ်အကြွင်းအကျန်တွေလား ဆိုတာကို‌တော့ အတိအကျမပြောနိုင်ပါဘူး။

၂၀၂၀ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိထားတဲ့ နမူနာတွေကိုအသုံးပြုပြီး သုတေသနပညာရှင်တွေက စမ်းသပ်မှုအသစ်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
PCR test စမ်းသပ်ချက်ဖြင့် ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူ ၁၇၆ ဦးမှ နမူနာများကိုရယူကာ ဗိုင်းရပ်စ်မှထုတ်လုပ်ပြီး ပုံတူပွားကူးစက်နိုင်ချေရှိသေးတဲ့ မျိုးဗီဇပစ္စည်းတစ်မျိုးကို ရှာဖွေခဲ့ကြပါတယ်။

နောက် ၅ ရက်ကြာတဲ့အခါ ထိုထဲမှ လူ ၃၀ ရာခိုင်နှုန်းမှာ ကူးစက်ပျံ့ပွားနိုင်တဲ့ ဗိုင်းရပ်စ်တွေ အတိုင်းအတာတစ်ခုအထိ ရှိနေကြောင်း တွေ့ခဲ့ရတယ်လို့ အင်္ဂလန်နိုင်ငံ အိက်စတာဆေးပညာတက္ကသိုလ်မှ ဦးဆောင်သုတေသနပြုသူ လော်နာဟယ်ရီစ်က ပြောကြားလိုက်ပါတယ်။
၁၀ ရက်ကွာရန်တင်းနေထိုင်အပြီးမှာတော့ လူ ၁၀ ဦးမှာ ၁ ဦးက ရောဂါပိုးကူးစက်စေနိုင်သေးကြောင်း တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာကူးစက်ရောဂါဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

လူအချို့ကတော့ ၆၈ ရက်ကြာတဲ့အထိ ရောဂါပိုးကူးစက်နိုင်တဲ့အခြေအနေ ရှိနေခဲ့ပြီး ကိုဗစ်ရောဂါဖြစ်စေနိုင်သလား ဆိုတာကိုတော့ သေသေချာချာ ခန့်မှန်းလို့မရကြောင်း ဟယ်ရီစ်က သတင်းတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

အဆိုပါစမ်းသပ်ချက်ကို ပြီးခဲ့တဲ့နှစ် ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေ စတင်မပျံ့နှံသေးခင်အချိန်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သုတေသီတွေက သူတို့ရဲ့တွေ့ရှိချက်တွေကို အတည်ပြုနိုင်ရန် ပိုမိုကျယ်ပြန့်တဲ့စမ်းသပ်မှုကြီးတွေကို ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ်ကူးစက်မှုတွေက ပြဿနာဖြစ်လာနိုင်တဲ့အချိန်မှာ ဆက်လက်ကူးစက်မှုတွေမဖြစ်အောင် မော်လီကျူးအထောက်အထားတွေ ရရှိဖို့ကလည်း လိုအပ်ကြောင်း ဆိုပါတယ်။


Source: Reuters.