#WorldSociety

Published - 20 December 2021

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်နဲ့ သူ့ရဲ့ဇနီးဖြစ်သူအပါအဝင် ဝန်ထမ်း ၁၇ ဦးတို့ ကိုဗစ်လော့ဒေါင်းချထားတဲ့ ကာလအတွင်း ဒေါင်းနင်းလမ်းရှိ အိမ်အမှတ် ၁၀ ဝန်ကြီးချုပ်နေအိမ်ခြံဝင်းမှာ ဝိုင်နဲ့ချိစ်တွေ စားသောက်နေကြတဲ့ ဓာတ်ပုံထွက်ပေါ်လာပါတယ်။

အဆိုပါအဖြစ်အပျက်အပေါ် ဖြေရှင်းချက်ပေးဖို့ မေးခွန်းထုတ်လာသူတွေရှိပြီး ဝန်ကြီးချုပ်ဘက်ကတော့ ဒါဟာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြတာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

၂၀၂၀ မေလ ၁၅ ရက် သောကြာနေ့က ဝန်ကြီးချုပ်နေအိမ်မှာ ဝိုင်အရက်တွေ ပီဇာတွေနဲ့ ဧည့်ခံနေတဲ့ဓာတ်ပုံကို ဂါဒီယန်သတင်းစာကဖော်ပြထားပြီး ဝန်ကြီးချုပ်အိမ်တော်က ပြီးခဲ့တဲ့အပတ်က ငြင်းဆိုခဲ့ပါတယ်။

ဘောရစ်ဂျွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက အဲဒီနေ့မှာ ဒေါင်းနင်းလမ်းကဝန်ထမ်းတွေက နေ့လည်ပိုင်းနဲ့ ညနေခင်းပိုင်းမှာ ခြံဝင်းအတွင်းအလုပ်လုပ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ဓာတ်ပုံမှာပါဝင်တဲ့သက်သေအရ အဲဒီလိုငြင်းဆိုတာကို ယုံကြည်ရခက်နေပါတယ်။

ဝိုင်ပုလင်းတွေကို တွေ့ရတဲ့အပြင် ခြံဝင်းထဲမှာ စုစုပေါင်းလူ ၁၉ ဦးကလည်း ခပ်ခွာခွာနေထိုင်ခြင်းမျိုး မပြုလုပ်ဘဲ ဝိုင်းဖွဲ့နေနေကြပုံကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။အဲဒီအချိန်က ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ တင်းကျပ်ထားကာ အလုပ်ကိစ္စနဲ့ပတ်သက်ရင် မဖြစ်မနေလိုအပ်မှသာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါတယ်။

လေဘာနိုင်ငံရေးပါတီရဲ့ ဒုခေါင်းဆောင် အိန်ဂျလာရေနာက ဒီဓာတ်ပုံဟာ ဗြိတိန်နိုင်ငံကို အရှက်စရာဖြစ်စေကြောင်း၊ ကျန်တဲ့ပြည်သူတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပေမယ့် ဝန်ကြီးချုပ်ကိုယ်တိုင်ကတော့ မလိုက်နာကြောင်း၊ ကျန်တဲ့လူတွေက တစ်နေ့တစ်ခါပဲအပြင်ထွက်ရချိန်မှာ သူတို့က ပါတီဖွဲ့သောက်စားနေကြောင်း ဝေဖန်လိုက်ပါတယ်။

ကိုဗစ်ကာလအတွင်း ထိန်းချုပ်ကန့်သတ်ချက်တွေ ချထားတဲ့အချိန်မှာ ပါတီပြုလုပ်ပြီး ဝိုင်းဖွဲ့ပြောဆိုမှုကြောင့် ဝန်ကြီးချုပ်ဟာ ဝေဖန်စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ဂါဒီယန်ကဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာ ဘောရစ်ဂျွန်ဆန်နဲ့ ဇနီးဖြစ်သူ ကယ်ရီတို့ဟာ နိုင်ငံ့ဝန်ထမ်းနဲ့ လက်ထောက်ဟု ယူဆရတဲ့ လူ ၂ ယောက်နဲ့အတူ ဝိုင်းဖွဲ့စားသောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီအချိန်က ခပ်ခွာခွာနေထိုင်ဖို့ စည်းကမ်းတွေ ချထားပြီး ကျောင်းတွေ စားသောက်ဆိုင်တွေ ပိတ်ထားရကာ အလုပ်ခွင်မှာလည်း ၂ မီတာအကွာမှ ပြောဆိုဆက်ဆံဖို့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။

အတွင်းလူတွေရဲ့ ပြောကြားချက်အရ ဝန်ထမ်း ၂၀ လောက်က ဝန်ကြီးချုပ်နေအိမ်ခြံဝင်းထဲမှာရော အိမ်ထဲမှာရောရှိနေကြပြီး စားသောက်နေကြကြောင်း၊ အချို့ဆိုရင် ညနေစောင်းတဲ့အထိ ရှိနေကြကြောင်း အဆိုပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ၂၀၂၀ မေလ ၁၅ ရက်နေ့က ဝန်ကြီးချုပ်နေအိမ်ခြံဝင်းမှာ ပုံမှန်အတိုင်း အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဒေါင်းနင်းလမ်းခြံဝင်းမှ ဝန်ထမ်းတွေဟာလည်း ခရစ္စမတ်ပါတီတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုခံနေရပါတယ်။"ကိုဗစ်ရောဂါ First Wave တုန်းက မိသားစုဆီမပြန်ရဘဲ ရှေ့တန်းကနေ အလုပ်လုပ်ခဲ့ကြတဲ့သူတွေအနေနဲ့ ဒီပုံကိုမြင်ရင် ဘယ်လောက်ခံစားရမလဲ တွေးကြည့်ပါ။ ဘိုရစ်ဂျွန်ဆန်ရဲ့ အစိုးရအဖွဲ့က သူတို့အတွက်က စည်းကမ်းတစ်မျိုး၊ ကျန်တဲ့သူတွေအတွက်က စည်းကမ်းတစ်မျိုးဆိုပြီး သတ်မှတ်ထားသလို ဖြစ်နေပါတယ်။ ကျွန်မတို့တိုင်းပြည်ကို ဦးဆောင်ဖို့ မသင့်တော်ပါဘူး"လို့ ရေနာကဆိုပါတယ်။
Source: The Guardian