#WorldHealth

Published -  16  November 2021

ဥရောပနိုင်ငံအနည်းငယ်မှာ ကိုဗစ်ရောဂါပိုး မျိုးဗီဇကွဲအသစ်တစ်မျိုး ကူးစက်မှုဖြစ်ပေါ်လာပြီး အရင်ကမတွေ့ဖူးတဲ့ ဗိုင်းရပ်စ်ပုံစံမျိုးအဖြစ် ပြောင်းလဲလာတာကြောင့် ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။

B.1.X ဒါမှမဟုတ် B.1.640 လို့ခေါ်တဲ့ မျိုးဗီဇကွဲအသစ်ကို ပြီးခဲ့တဲ့လက ဘရစ်တနီဒေသရှိ ပြင်သစ်ကျောင်းတစ်ကျောင်းက ကျောင်းသား ၂၄ ဦးမှာ ကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း ပြင်သစ်သတင်းစာ Le Telegramme မှာ ဖော်ပြထားပါတယ်။]

မျိုးဗီဇကွဲအသစ် ကူးစက်ပျံ့ပွားခဲ့တဲ့ကျောင်းက အတန်းတဝက်လောက်ကို ပိတ်ပစ်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ ပျံ့ပွားမှုအခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်ကတည်းက ပြင်သစ်မှာ ထပ်မံကူးစက်ခြင်း မတွေ့ရတော့ကြောင်း ပြင်သစ်ကျန်းမာရေးအဖွဲ့အစည်းက ပြောကြားလိုက်ပြီး ဒီမျိုးဗီဇကွဲအသစ်ကို စောင့်ကြည့်လေ့လာနေကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ စကော့တလန်နဲ့ အီတလီနိုင်ငံတွေမှာလည်း မျိုးဗီဇကွဲအသစ် ကူးစက်မှုအနည်းငယ်ဖြစ်ပွားခဲ့ပေမယ့် ဒယ်လ်တာမျိုးဗီဇကွဲတွေကသာ ပျံ့ပွားနှုန်းမြင့်မားနေဆဲဖြစ်ပါတယ်။
ဘာအီလန်တက္ကသိုလ်မှ ပရော်ဖက်ဆာဆီရဲလ်ကိုအန်က B.1.640 မျိုးဗီဇကွဲရဲ့ သန္ဓေပြောင်းလဲခြင်းဟာ ကြိုတင်မှန်းဆလိုမရဘူးလို့ ရှင်းပြထားပါတယ်။

လူ့ခန္ဓာကိုယ်ရှိဆဲလ်တွေကို ဗိုင်းရပ်စ်ကဝင်ရောက်တွယ်ကပ်ပြီး ကူးစက်မှုစတင်ဖြစ်ပေါ်စေသလို ဗိုင်းရပ်စ်ဖယ်ထုတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ထိုဗိုင်းရပ်စ်က ရောဂါကူးစက်မှုပိုဖြစ်စေသလား ကူးစက်မှုနည်းသလားဆိုပြီး မေးစရာတွေရှိလာပါတယ်။အခုမျိုးဗီဇကွဲအသစ်ဟာ အာဖရိကမှ ထွက်ပေါ်လာတာလို့ ယူဆလို့ရပြီး ကိုဗစ်ကာကွယ်ဆေး ညီတူမျှတူရရှိရေးကို မီးမောင်းထိုးပြသလိုဖြစ်နေကြောင်း ကိုအန်ကဖော်ပြထားပါတယ်။

"ကမ္ဘာပေါ်က အချို့နေရာတွေမှာ ကာကွယ်ဆေးအလုံအလောက်မရဘူးဆိုရင် ဗိုင်းရပ်စ်က ဆက်လက်မျိုးပွားပြီး မျိုးဗီဇကွဲအသစ်တွေ ဖြစ်ပေါ်လာစေတယ်ဆိုတာကို အခုမျိုးဗီဇကွဲအသစ်ကနေ နမူနာယူသင့်ပါတယ်"လို့ ကိုအန်ကဆိုပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ လူအများအပြား ကာကွယ်ဆေးထိုးနှံပြီးကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးက မပြောပလောက်တဲ့ ပမာဏသာ ရရှိထားပါတယ်။

အာဖရိကမှာ ကာကွယ်ဆေးမရရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး အောက်တိုဘာလနောက်ပိုင်းအထိ အာဖရိကနိုင်ငံတွေရဲ့ လူဦးရေ ၆ ရာခိုင်နှုန်းလောက်သာ ကိုဗစ်ကာကွယ်ဆေးထိုးရသေးတာ ဖြစ်ပါတယ်။

လတ်တလောမှာ ကမ္ဘာတစ်ဝန်းကာကွယ်ဆေး ထုတ်လုပ်မှုအခြေအနေက လိုအပ်တာထက် လျော့နည်းနေပြီး ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးရရှိဖို့ ကြန့်ကြာလျက်ရှိနေပါတယ်။
အာဖရိကနိုင်ငံတွေမှာ ကာကွယ်ဆေးတွေရောက်ရှိလာရင်တောင် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ထိုးနှံဖို့ခက်ခဲနေဦးမှာဖြစ်ပါတယ်။

"ဒီနိုင်ငံတွေမှာ ကာကွယ်ဆေးမရောက်ရှိတာက လတ်တလောမှာ အခက်အခဲမဖြစ်ပေမယ့် ရေရှည်ဆိုရင်တော့ မျိုးဗီဇကွဲအသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အခုအချိန်မှာ B.1.640 ကူးစက်မှုရှိပေမယ့် တစ်လလောက်ဆိုရင် မေ့ထားလို့ရပါပြီ။ ဒါပေမဲ့ လူအားလုံးအတွက် ကာကွယ်ဆေးမရရှိဘူးဆိုရင်တော့ အခုလိုဖြစ်ပေါ်လာဦးမှာဖြစ်ပါတယ်"လို့ ကိုအန်ကဆိုပါတယ်။
Source: The Jerusalem Post