Published 16 Nov 2021
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တနင်္လာနေ့က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးကြပြီး မဟာ အင်အားကြီးနိုင်ငံနှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကနေ ပဋိပက္ခဘက် ရောက်မသွားဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေက အသေအချာဆောင်ရွက်ရန် ဦးတည်ချက်ကို ပြောကြားခဲ့ကြပါတယ်။
ရှီက ဘိုင်ဒင်ကို တွေ့တွေ့ချင်း “မိတ်ဆွေဟောင်း” ကြီးလို့ သုံးနှုံးနှုတ်ဆက်ခဲ့ပြီး ဘိုင်ဒင်ရဲ့ဖော်ရွေတဲ့လေသံအတိုင်းပဲ “ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဆက်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့လိုအပ်တယ်” လို့ ပြောလိုက်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ရင်းနှီးဖော်ရွေတဲ့အငွေ့အသေက်တွေနှင့် အစည်းအဝေးကို စတင်ခဲ့ကြပါတယ်။ အမေရိကန်နှင့်တရုတ်အကြား ဆက်ဆံမှုတွေတင်းမာနေတဲ့ အချိန်မှာ သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
“ တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အလျောက် ကျွန်တော်တို့ရဲ့ တာဝန်ဟာ နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကနေ ရိုးရိုးရှင်းရှင်းယှဉ်ပြိုင်ကြမယ့်အစား ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ပဋိပက္ခဖြစ်မလာစေဖို့ပဲဖြစ်တယ်” လို့ ဂျိုးဘိုင်ဒင်က အစည်းအဝေးအစမှာပြောပါတယ်။
သူတို့နှစ်ဦးဟာ ဒုသမ္မတတွေအဖြစ် တာဝန်ထမ်းဆောင်ကြကတည်းက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိထားကြသူတွေဖြစ်ကြပါတယ်။
အမေရိကန်-တရုတ်ဆက်ဆံရေးကို ကောင်းမွန်တဲ့ ဦးတည်ရာကို သွားဖို့အတွက် သဘောညီညွတ်မှုတည်ဆောက်ဖို့နှင့် တက်ကြွတဲ့ ခြေလှမ်းတွေလှမ်းဖို့ အဆွေတော်နှင့်အတူ ကျွန်တော်အတူအလုပ်လုပ်ဖို့ အဆင်သင့်ပါပဲ” လို့လည်း ရှီက ပြောပါတယ်။
ရိုစဗက်အခန်းထဲမှာ အမေရိကန်ပြည်ထောင်စုသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့်လက်တစ်ဆုပ်စာ လက်ထောက်တွေတက်ရောက်ကြပါတယ်။ တရုတ်သမ္မတနှင့်အတူ ကွန်မြူနစ်ပါတီညွှန်ကြားရေးမှူး တိန်ရှောင်ရှန်းနှင့် အကြံပေးအချို့တက်ရောက်ကြတယ်လို့ အေပီကသတင်းရေးသားပါတယ်။
Source AP