#WorldHealth

Published - 21 Oct  2021

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်က အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကနေဒါကျန်းမာရေးအဖွဲ့အစည်းထံမှာ အောက်တိုဘာ ၁၈ ရက်နေ့က ခွင့်ပြုချက်တောင်းခံထားတယ်လို့ ထိုကုမ္ပဏီတွေနဲ့ ကနေဒါအစိုးရက ဆိုပါတယ်။

ဒီလိုငယ်ရွယ်တဲ့ကလေးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တောင်းဆိုချက်ကို ကနေဒါကျန်းမာရေးက ပထမဦးဆုံးအနေနဲ့ လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအသက်အရွယ်အတွင်းရှိ ကလေးငယ် ၂၂၆၈ ဦးမှာ ပုံမှန်ကာကွယ်ဆေးထက် ၃ ဆအားပျော့တဲ့ ၁၀ မိုက်ခရိုဂရမ်ဆေးပမာဏဖြင့် စမ်းသပ်ခဲ့ကာ ရရှိလာတဲ့ ရလာဒ်တွေအပေါ်မူတည်ပြီး တရားဝင်ခွင့်ပြုချက် တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးဟာ ကနေဒါရှိ အသက် ၁၂ နှစ်နဲ့အထက်လူတွေအတွက်လည်း အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

ကာကွယ်ဆေးကရတဲ့ အကျိုးအာနိသင်က ဘေးထွက်ဆိုးကျိုးထက် သာလွန်ကြောင်း စစ်ဆေးသုံးသပ်ချက်တွေအရ အတည်ပြုပြီးတဲ့အခါမှသာ ကာကွယ်ဆေးအသုံးပြုဖို့ ခွင့်ပြုနိုင်မယ်လို့ ကနေဒါကျန်းမာရေးအဖွဲ့အစည်းက ဆိုပါတယ်။

အခြားကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း ကလေးငယ်တွေ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးတွေ ထုတ်လုပ်စမ်းသပ်နေတယ်လို့ ကနေဒါဝန်ကြီးဌာနက ပြောထားပါတယ်။

ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတဝန်းမှာ ပြောစရာတွေဖြစ်နေပါတယ်။ နိုင်ငံအများစုက အသက် ၁၂ နှစ်အထက်တွေကို ကာကွယ်ဆေးထိုးပေးပေမယ့် ၁၂ နှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးနှံမှုက အင်မတန်နည်းပါးနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကတော့ ချမ်းသာတဲ့နိုင်ငံတွေက ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေကို ကာကွယ်ဆေးမထိုးပေးခင် ဆင်းရဲတဲ့နိုင်ငံတွေက လူတွေကို ကာကွယ်ဆေးအရင်ထိုးပေးဖို့က အရေးကြီးတယ်လို့ ပြီးခဲ့တဲ့လတွေက တိုက်တွန်းထားပါတယ်။

Source CNA