Published: 6 Sept 2021
ပြတင်းတံခါးဖွင့်ထားခြင်းက အခန်းထဲမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ပမာဏာကို တစ်ဝက်လျှော့ချနိုင်တယ်လို့ အိုရီဂန်တက္ကသိုလ်က သီးခြား အိပ်ဆောင်တစ်ခုက ကူးစက်ခံထားရတဲ့ ကောလိပ်ကျောင်းသားတွေရဲ့ လက်တွေ့ လေ့လာမှုအသစ်တစ်ခုကနေ သိရတယ်လို့ နယူးယောက်တိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။
 
အဲဒီလေ့လာမှုဟာအသေးကလေးဖြစ်ပြီး အွန်လိုင်းမှာ တင်ထားတာပါ။ သိပ္ပံဂျာနယ်တွေမှာလည်း မဖော်ပြရသေးပါဘူး။ ဒါပေမယ့် အခုလေ့လာမှုက များစွာသော အရေးကြီးတဲ့ အခြေခံသဘောတရားတွေအတွက် တကယ့်လက်တွေ့ဘဝ အထောက်အထားတွေအဖြစ် ပံ့ပိုးပေးနိုင်ပါတယ်။
 
ဗိုင်းရပ်စ်ဟာ အ ကူးစက်ခံထားရတဲ့သူဆီမှတစ်ဆင့် အခန်းထဲက လေထဲကနေ ပျံ့နှံနိုင်တယ်။ ဗိုင်းရပ်စ်တွေ ပိုသယ်လာလေလေ အခန်းထဲမှာ ဗိုင်းရပ်စ်တွေ များလာလေလေဖြစ်ပါတယ်။ သဘာဝအရနှင့် စက်မှုပိုင်းအရ လေဝင်လေထွက်လုပ်ပေးခြင်းက ဝန်းကျင်ထဲက ဗိုင်းရပ်စ် အရေအတွက်ကို လျှော့ချပေး နိုင်ပါတယ်။
“ လေဝင်လေထွက်ဟာ အရေးကြီးတဲ့ လျှော့ချရေး မဟာာဗျူဟာတွေထဲကတစ်ခုဖြစ်ပြီး ကျွန်တော်တို့ လိုသလိုသုံးလို့ရပါတယ်” လို့ အဲဒီ သုတေသနကို ဦးဆောင်ခဲ့တဲ့ ကေဗင်ဗန်ဒင်ဝိုင်မာလင်ဘတ်ခ်က ပြောပါတယ်။
 
သုတေသနပြုလုပ်သူတွေဟာ အိုရီဂန်တက္ကသိုလ်က ကဇန်နဝါရီကနေ မေလအတွင်း ဗစ်ကူးစက်ခံထားရတဲ့ ကျောင်းသား ၃၅ ဦးနှင့် စမ်းသပ်ခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးကို ကိုဗစ်သီးသန့်ခွဲခြားနေအဆောင်တစ်ဆောင်ထဲက တစ်ယောက်ခန်းတွေထဲကို ရွှေ့ပြောင်းပေးလိုက်ပါတယ်။ သီးခြားခွဲနေရတဲ့ ၁၀ရက်အတွင်း နေထိုင်စေခဲ့တာပါ။
 
အခန်းတိုင်းကို ပက်ထရီခွက်ကလေးတစ်ခုစီ သူတို့က ထည့်ထားပါတယ်။ပြီးတော့ active air sampler ကိရိယာလေးကို သုံးပြီး လေထဲလွင့်မျောနေတဲ့ အရည်အမှုန်အစက်တွေကို ဖမ်းပါတယ်။ တစ်ရက်ကို ကြိမ်ဖန်များစွာ အခန်းထဲက မျက်နှာပြင် မျိုးစုံနှင့် ကျောင်းသားရဲ့ နှာခေါင်းနှင့် အာခေါင်ကို swab ယူပါတယ်။
 
အဲဒီနောက် သူတို့ဟာ ပီစီအာရ်နှင့် ဗိုင်းရပ်စ်ကိုစစ်ပါတယ်။ ပြီးတော့ တွေ့ရင်လည်း ဘယ်လောက်ပမာဏာလဲဆိုတာပါ တိုင်းတာပါတယ်။
 
အဲဒီအခါ ကျောင်းသားတွေဆီမှာ ရှိနေတဲ့ ဗိုင်းရပ်စ် ပမာဏာဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဗိုင်းရပ်စ်ပမာဏာနှင့် တိုက်ရိုက် အချိုးကျနေတာ တွေ့ကြရပါတယ်။ ကျောင်းသားတွေရဲ့ နှာခေါင်းနှင့်ပါးစပ်က ဗိုင်းရပ်စ် ပမာဏာ လျော့ကျလာတာနှင့် အမျှ လေထဲက ဗိုင်းရပ်စ်ပမာဏာကလည်း လျော့ကျလာတယ်လို့ အချက်အလက်တွေ ထွက်လာပါတယ်။
 
“ နှာခေါင်းထဲက နမူနာတွေနှင့် အခန်းထဲက လေနမူနာတွေဟာ အပြန်အလှန် ဆက်စပ်မှုရှိနေခဲ့ပါတယ် “လို့ ဒေါက်တာ ဗန်ဒင်ဝိုင်မာလင်ဘတ်ခ်က ပြောပါတယ်။
 
ရောဂါလက္ခဏာမပြသူဆီမှာ ဗိုင်းရပ်စ်တွေ အများကြီး ထုတ်လွှတ်တာတောင်မှ ရောဂါလက္ခဏာပြတဲ့ကျောင်းသားအခန်းဟာ ရောဂါလက္ခဏာမပြတဲ့ကျောင်းသားရဲ့အခန်းထက် ယေဘုယျအားဖြင့် အခန်းထဲမှာ ဗိုင်းရပ်စ် ပမာဏာက ပိုမြင့်နေတာတွေ့ရတယ်လို့ဆိုပါတယ်။
ချောင်းဆိုးတာမျိုးဖြစ်တဲ့ များစွာသော ရောဂါလက္ခဏာရှိသူတွေဆိုရင် အခန်းထဲမှာ ဗိုင်းရပ်စ်ပမာဏာများနေတတ်တယ်လို့ သိရပါတယ်။
 
သုတေသနပညာရှင်တွေဟာ အခန်းတိုင်းရဲ့ စက်မှုစနစ်သုံး လေဝင်လေထွက်နှုန်း တစ်ခုချင်းစီကိုလည်း တွက်ချက်ခဲ့ကြပါတယ်။ ပြီးတော့ တစ်နေ့ကို ပြတင်းတံခါး ဘယ်နှစ်ခါဖွင့်သလဲဆိုတာလည်း ကျောင်းသားတွေကို ပြန်တင်ပြခိုင်းပါတယ်။ အဲဒီအခါ အချိန်ရဲ့ တစ်ဝက်ကျော်လောက် ပြတင်းတံခါးပိတ်ထားတဲ့အခန်းက ဗိုင်းရပ်စ်ပမာဏဟာ ပျှမ်းမျှအားဖြင့် နှစ်ဆခန့်မြင့်နေတာတွေ့ရပါတယ်။
 
“ လေဝင်လေထွက်ဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အခုမှ စပြီးရိပ်စားမိကြတာလို့ ကျွန်တော်ထင်တယ်” လို့ အဲဒီလေ့လာသုတေသနကို တွဲဖက်ဦးဆောင်တဲ့ အိုရီဂန်တက္ကသိုလ်က လက်စလီဒီယက်စ်က ပြောပါတယ်။
 
ဒါပေမယ့် ဒီသုတေသနက အကန့်အသတ်များစွာတော့ရှိခဲ့ပါတယ်။ ငယ်ရွယ်တဲ့ သူတွေနှင့်ပဲ စမ်းသပ်ခဲ့တာ ပြီးတော့ ရောဂါလက္ခဏာနှင့် ပြတင်းတံခါးအဖွင့်အပိတ် အချက်အလက်တွေက သူတို့ပေးတဲ့ အချက်အလက်တွေပဲဖြစ်တာ စတာတွေ ဖြစ်ပါတယ်။ ပြီးတော့ အခန်းထဲက ဗိုင်းရပ်စ်တွေထဲမှာ ဘယ်လောက်ဟာ ရှင်သန်နေသလဲ ဒါမှမဟုတ် အခြားသူတွေကို ကူးစက်နိုင်စွမ်းရှိနေသလဲဆိုတာကိုလည်း မတိုင်းတာခဲ့ပါဘူးလို့ သူတို့ကပြောပါတယ်။
Source: The New York Times