Published 17 August 2021
အက်စထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး ဒေသဆိုင်ရာထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့ ထိုင်းနိုင်ငံဟာ ကာကွယ်ဆေး မလုံလောက်မှုကြောင့် ဟိမဝန္တာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘူတန်နိုင်ငံကနေ အဲဒီကာကွယ်ဆေးမျိုးကိုပဲ အလုံးရေ တစ်သိန်းခွဲ ချေးငှားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းအရာရှိတစ်ဦးက တနင်္လာနေ့က ပြောပါတယ်။
 
အက်စထရာဇန်နီကာက တစ်လကို ထိုးဆေးအလုံးပေါင်း ငါးသန်းကနေ ခြောက်သန်း ပေးနိုင်မယ်လို့ပြောခဲ့ပါတယ်။ အဲဒီ ပမာဏာဟာ ထိုင်းအစိုးရက ရည်မှန်းထားတဲ့ အရေအတွက်ရဲ့ တစ်ဝက်သာရှိပါတယ်။ လူဦးရေတစ်သန်းအောက်သာရှိတဲ့ ဘူတန်နိုင်ငံကနေ ယခုလို ကာကွယ်ဆေး မေတ္တာရပ်ခံရတာဟာ ထိုင်းနိုင်ငံရဲ့ ကာကွယ်ဆေးလိုအပ်ချက်ကွာဟမှုကို ဖာထေးဖို့ကြိုးစားနေမှုကို ထင်ဟပ်နေပါတယ်။
 
ထိုင်းနိုင်ငံဟာ ဒေသကိုဖြန့်ဖြူးဖို့ အက်စထရာဇန်နီကာဆေးကို ထုတ်လုပ်နေပါတယ်။ ဒါပေမယ့် ယခုထက်ထိ လူဦးရေရဲ့ ၇.၁ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံနိုင်ပါသေးတယ်။ နေ့စဉ်ကူးစက်မှုဟာ လာမယ့်လမှာ နှစ်ဆတိုးမယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။
 
ဘူတန်ကတော့ ထိုင်းနှင့်ဆန့်ကျင်ဖက်ပါ။ဘူတန်ဟာ မတ်လမှာ ကာကွယ်ဆေး စတင်ထိုးနိုင်ပြီး ယခုဆို ဆေးအလုံးပေါင်း တစ်သန်းကျော် ထိုးနှံပြီးဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံကာကွယ်ဆေးထိုးရမယ့်အရေအတွက် အတွက် လုံလောက်နေပါတယ်။ ဘူတန်မှာကူးစက်သူ ၃၀၀၀အောက်သာရှိခဲ့ပြီး သုံးယောက်သာ သေဆုံးခဲ့ပါတယ်။
“ဘူတန်နှင့် ထိုင်းတို့ ကာကွယ်ဆေး ဖလှယ်တဲ့ သဘောတူညီချက်အရ ထိုင်းဟာ ဘူတန်ကို ကာကွယ်ဆေး နောက်ပိုင်း ပြန်အချေးဆပ်ရမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နာတာပါနူး နိုပါခွန်က ပြောပါတယ်။
 
လောလောဆယ်တော့ သဘောတူညီချက်ကို အစိုးရက စဉ်းစားသုံးသပ်နေဆဲပါလို့ သူကဆက်ပြောပါတယ်။
 
ထိုင်းနိုင်ငံမှာ တနင်္လာနေ့က ကူးစက်မှုအသစ် ၂၁၁၅၇ ဦးရှိပြီး စုစုပေါင်းကူးစက်သူ ၉၂၈၃၁၄ဦးရှိပြီဖြစ်ပါတယ်။ ထပ်မံသေဆုံးသူ ၁၈၂ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၇၇၃၄ ဦးရှိနေပါတယ်လို့ ရိုက်တာက ရေးသားပါတယ်။
 
Source : Reuters