Published- 16 August 2021
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အာဖဂန်နစ္စတန်မှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်မှုကို နှိမ်နှင်းဖို့ ရှိသမျှကိရိယာအားလုံးအသုံပြုဆောင်ရွက်ဖို့နှင့် အခြေခံလူ့အခွင့်အရေးကို လေးစားရေး အာမခံချက်ရှိစေဖို့ လုံခြုံရေးကောင်စီကို ဩဂုတ် ၁၆ ရက်က တိုက်တွန်းလိုက်ပါတယ်။
 
တာလီဘန်တွေဟာ ကာဘူးကို ဝင်ရောက်လာပြီး အမေရိကန် ဦးဆောင်တဲ့ ကျူးကျော်ဝင်ရောက်မှုကနေ နှင်ထုတ်ခံရတဲ့ အစ္စလမ်မစ် စစ်သွေးကြွတွေဟာ နှစ်ပေါင်း၂၀အကြာမှာ တိုင်းပြည်ကို ပြန်လည်ရယူလိုက်တာကြောင့် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီဟာ တနင်္ဂနွေနေ့က အာဖဂန်က ထွက်ခွာခဲ့ရပါတယ်။
 
“ အာဖဂန်တစ်လွှား လူ့အခွင့်အရေးအပေါ် ပြင်းပြင်းထန်ထန်ကန့်သတ်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ ကျောချမ်းဖွယ် အစီရင်ခံစာတွေရရှိနေပါတယ်။အထူးသဖြင့် အာဖဂန် အမျိုးသမီးတွေနှင့် မိန်းကလေးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးပွားလာနေတာကို စိတ်ပူပန်မိပါတယ်” လို့ ကုလထွေချုပ်က လုံခြုံရေးကောင်စီ ၁၅နိုင်ငံကို ပြောကြားခဲ့ပါတယ်။
 
“ ကျွန်တော်တို့ အာဖဂန်ပြည်သူတွေကို မပစ်ပယ်နိုင်ဘူး၊မပစ်ပယ်ရဘူး” လို့ သူကပြောပါတယ်။
 
တာလီဘန်အရာရှိတွေက တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ရည်ရွယ်ပြီး ကြေညာချက်တွေထုတ်ခဲ့ပါတယ်။
 
၁၉၉၆ခုနှစ်ကနေ ၂၀၀၁ခုနှစ် အထိ တာလီဘန်တွေ အုပ်စိုးမှုအောက်မှာ အမျိုးသမီးတွေ အလုပ်မလုပ်ရ၊ မိန်းကလေးငယ်တွေ ကျောင်းမတက်ရ၊ အမျိုးသမီးတွေဟာ သူတို့မျက်နှာတွေကို အုပ်ဖုံးထားရပြီး၊ အိမ်ကထွက်ရင် ဆွေမျိုးသားချင်း အမျိုးသား အဖာ်တစ်ယောက် အတူပါရပါတယ်။
 
“ အရပ်သားတွေ ဒါမှမဟုတ် အရပ်ဘက်အရာဝတ္တုတွေကို တိုက်ခိုက်တာတွေရပ်ရမယ်။ အာဖဂန်နိုင်ငံသားတွေ အထူးသဖြင့် အမျိးသမီးတွေ၊မိန်းကလေးငယ်တွေနှင့် လူနည်းစုတွေရဲ့ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ကို လေးစားရမယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမာ့စ် ဂရင်းဖီးလ်က လုံခြံရေးကောင်စီမှာပြောပါတယ်။
 
ကုလဆိုင်ရာ အာဖဂန်သံအမတ် ဂူလမ်အိုင်ဆက်ဇိုင်းကလည်း သူတို့ရဲ့ကံကြမ္မာကို ဝကွက်အပ်ထားရတဲ့ သန်းပေါင်းများစွာသောသူတွေအတွက် သူပြောတာဖြစ် ကြောင်း၊ အမျိုးသမီးတွေနှင့် မိန်းကလေးငယ်တွေဟာ ကျောင်းတက် အလုပ်သွားဖို့ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုဘဝတွေမှာ ပါဝင်ဖို့ လွတ်လပ်ခွင်တွေ ဆုံးရှုံးလုဖြစ်နေပြီ လို့ ပြောပါတယ်။
 
အိုင်ဆက်ဇိုင်းက လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့အနေနဲ့ အင်အားသုံးပြီး အာဏာယူတဲ့ မည်သည့်အုပ်ချုပ်ရေးအဖွဲ့၊ အားလုံးမပါဝင်တဲ့ မည်သည့်အစိုးရကိုမဆို အသိအမှတ်မပြုသင့်ဘူးလို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် ချက်ခြင်းဖွဲ့စည်းဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
 
ကုလသမဂ္ဂဟာ အာဖဂန်မှာ အာဖဂန်ဝန်ထမ်း၃၀၀၀နှင့် နိုင်ငံတကာဝန်ထမ်း၃၀၀ခန့် မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြ ပါတယ်။ သောကြာနေ့မှာ ကုလရဲ့ အချို့ဝန်ထမ်းတွေကို ကာဘူးကို ပြန်နေရာချထားပေးလိုက်ပေမယ့် ဘယ်သူကိုမှတော့ မကယ်ထုတ်ရသေးပါဘူး။
 
“ ကုလသမဂ္ဂရှိနေခြင်းဟာ လုံခြုံရေးအခြေအနေနှင့် နေသားတစ်ကျရှိစေလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးထက် ပြောချင်တာကတော့ ကျွန်တော်တို့ ဒီမှာနေပြီး အာဖဂန်ပြည်သူတွေရဲ့ အချိန်နှင့်အမျှ လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
 
Source : Reuters