#LocalNews
Published- 25 May 2022
မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်နိုင်ငံဘက်မှ ကိုဗစ်ကန့်သတ်ချက်များကြောင့် နယ်စပ်ဂိတ်အားလုံး ပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ မေလ ၁၅ ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးခဲ့သည့် အတွက် ကုန်ကားများပုံမှန်အတိုင်းသွားနေပြီဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောသည်။
"နယ်စပ်ကုန်သွယ်ရေးကတော့ ပြန်လည်ဦးမော့လာပြီ။ မေလ ၁၆ ရက်နောက်ပိုင်းမှာ တိုးတက်လာပြီလို့ ပြောလိုရပါတယ်။ ကားတွေကလည်းတစ်နေ့ကို အစီးရေ ၁၀၀ လောက်တော့ သွားနေပြီ။ ကားအစီးရေနည်းတော့ စောင့်စရာလည်းမလိုတော့ဘူး။ ဂိတ်တွေမှာ ကုန်တွေလည်းပျက်စီး ဆုံးရှုံးမှုနည်းသွားတာပေါ့။ နယ်စပ်ဂိတ်တွေ အရင်လိုပုံမှန်အတိုင်း လည်ပတ်ဖို့ဆိုရင် ကြာဦးမယ်" ဟု ယင်းက ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် ယခင်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်အနေဖြင့် တစ်ရက်လျှင် ကန်ဒေါ်လာတစ်သန်းခန့်ကုန်သွယ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ ရာခိုင်နှုန်း ၉၀ ခန့်အထိ ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း၊ တရုတ်- မြန်မာနယ်စပ်ဂိတ်ပေါင်း ၁၄ ခုရှိသည့်အနက် နယ်စပ်ဂိတ်အချိုမှာပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 25 May 2022
၁။ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို နေရာတော်တော်များတွင် ထိုးနှံပေးနိုင်ပြီဖြစ်၊ သွားလာရေးခက်ခဲသည့်ဒေသများ ထိုးနှံပေးရန်ကျန်ရှိ၊။
၂။ လာမည့်ပွင့်လင်းရာသီတွင် ပြည်ပခရီးသွား သိန်းဂဏန်းထိ ဝင်ရောက်နိုင်မည်ဟုမျှော်မှန်း။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အလှမွေးငါးများမြေပြင်ရှုခင်းခံစားနိုင်စေဖို့ ထိုင်ဝမ်လူမျိုးတစ်ဦးက လက်တွန်းလှည်းငါးကန်တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 May 2022
ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းမှတဆင့် မြန်မာအလုပ်သမား ၁၉၃ ဦးသည် ထိုင်းနိုင်ငံသို့ ဒုတိယအသုတ် အဖြစ်ထွက်ခွာသွားကြောင်း သိရပါတယ်။
အဆိုပါအလုပ်သမားများဟာ ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ရေလမ်းခရီးမှတဆင့် Speed Boat ၃ စီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ထွက်ခွာသွားတဲ့ အလုပ်သမားများအနက် မြန်မာနိုင်ငံ၏ ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများဖြစ်သည့် Lovely world Co,Ltd မှ ထိုင်းနိုင်ငံရှိ Unique Engineering and Construction Public Co,Ltd သို့ မြန်မာ အလုပ်သမား ၁၀၀ ဦး၊ Superior World Co,Ltd မှ ထိုင်းနိုင်ငံရှိ Nawarat Patanakam Public Co,Ltd သို့ မြန်မာအလုပ်သမား ၉၃ ဦး စုစုပေါင်းအလုပ်သမား ၁၉၃ ဦးအား ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ လုပ်သားများမှာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldPolitics
Published 25 May 2022
အမေရိကန်သမ္မတ’ဂျိုးဘိုင်ဒန်’က သူသဘောတူညီထားတဲ့အတိုင်း အာရှအတွင်း နျူကလီးယားလက်နက်ပိုင်နိုင်ငံကို ထိန်းချုပ်ဟန့်တားရေးကိစ္စများ ဆောင်ရွက်ရန် ယခုအပတ်အတွင်း အာရှခရီးထွက်လာခဲ့ပါတယ်။
ခရီးစဉ်ပြီးဆုံးပြီးနောက် ဗုဒ္ဓဟူးနေ့က 'ဘိုင်ဒန်' အာရှမှပြန်ထွက်ခွာပြီး ခဏအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)အပါအဝင် ဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့ပါတယ်။
‘ဘိုင်ဒန်’ထွက်ခွာပြီး တစ်နာရီမပြည့်ခင်မှာပဲ ဒုံးကျည်စမ်းသပ်မှု အချက်အခြာနေရာဖြစ်လာတဲ့ ပြုံယန်းမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆူနန်ဒေသကနေ ဒုံးကျည် ၃ စင်းပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။
ပထမဆုံးပစ်တဲ့ဒုံးကျည်က ICBM အမျိုးအစားဖြစ်မယ်လို့ယူဆရပြီး ဒုတိယတစ်စင်းက ပစ်လွှတ်ပြီးလမ်းတဝက်မှာ ပျက်ကျသွားဟန်ရှိပါတယ်။
တတိယမြောက်တစ်စင်းကတော့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်(SRBM)ဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ပြောပြခဲ့ပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားတိုက မြေပြင်ပစ်ဒုံးကျည်စမ်းသပ်ခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းများပြုလုပ်နေကြကြောင်း တောင်ကိုရီးယားစစ်တပ်က ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်ထားပြီး အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်လက်နက်တွေကအစ ၅ နှစ်အတွင်း အင်အားအကြီးမားဆုံး ICBM ဒုံးကျည် ပထမဆုံးအကြိမ်စမ်းသပ်ပစ်ခတ်မှုအထိ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၇ နောက်ပိုင်း ပထမဆုံးနျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။
ဆိုးလ်မြို့မှာ တောင်ကိုရီးယားသမ္မတ’ယွန်းဆော့ယောလ်’နဲ့ အစည်းအဝေးပြုလုပ်ဖို့ ‘ဘိုင်ဒန်’အာရှကိုလာတဲ့ခရီးစဉ်မှာ မြောက်ကိုရီးယားက ဒုံးကျည်ထပ်မံစမ်းသပ်ပစ်လွှတ်ဖို့အသင့်ဖြစ်နေနိုင်ပြီလို့ အမေရိကန်နဲ့ တောင်ကိုရီးယားမှ အရာရှိတွေက သတိပေးခဲ့ပါသေးတယ်။
မြောက်ကိုရီးယားတို့ ဒီလိုတွေရန်စပြုမူနေတာက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပိုပြီးပူးပေါင်းဆောင်ရွက်လာအောင် တိုက်တွန်းသလိုဖြစ်နေပြီး မြောက်ကိုရီးယားအနေနဲ့ ပိုမိုရှောင်ဖယ်ခံရမှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု ၂ ကြိမ်မကရှိခဲ့ကြောင်း ပြောကြားလာပါတယ်။
ဒုံးကျည်တွေက ဂျပန်နိုင်ငံပိုင်စီးပွားရေးဒေသနယ်မြေအပြင်ဘက်သို့ ကျရောက်ခဲ့တယ်လို့ ဂျပန်ရုပ်သံဌာန NHK က ဖော်ပြခဲ့ပါတယ်။
ဆိုးလ်မြို့မှာ ‘ဘိုင်ဒန်’နဲ့’ယွန်းဆော့ယောလ်’တို့ တွေ့ဆုံခဲ့ရာမှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဖို့နဲ့ မြောက်ကိုရီးယားလက်နက်စမ်းသပ်မှုတွေကို ဟန့်တားဖို့လိုအပ်လာရင် အမေရိကန်ဘက်မှ နည်းပညာအထောက်အကူများ ပံ့ပိုးသွားဖို့ သဘောတူညီခဲ့ကြပါတယ်။
‘ဘိုင်ဒန်’ရဲ့ခရီးစဉ်အတွင်း ရုရှားနဲ့တရုတ်ဗုံးကျဲလေယာဉ်များက ဂျပန်နဲ့တောင်ကိုရီးယားလေပိုင်နက်အနီးတို့မှာ လှည့်လည်ပျံသန်းခဲ့တာကို တွေ့ခဲ့ရပါတယ်။
Source: Reuters
#Yangon_Media_Group
Published 25 May 2022
အမေရိကန်ပြည်ထောင်စုမှာ အစုလိုက်သတ်နေတာတွေအတွက် သူအတော်စိတ်ကုန်နေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောလိုက်ပါတယ်။ တက္ကဆပ်က မူလတန်းကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်ရွယ်သေနတ်သမားက သေနတ်နှင့်ပစ်ခတ်လို့ ကလေးငယ်၁၈ဦး သေဆုံးခဲ့ရပြီးနောက် သူက မိန့်ခွန်းပြောတာပါ။ “ ဖြစ်နေတာက ၁၈နှစ်အရွယ်ကလေးတစ်ဦးဟာ သေနတ်ဆိုင်သွားပြီး သေနတ်နှစ်လက် ဝယ်လို့ရတာကိုက မှားယွင်းနေတာပဲ” လို့ သူကဖြည့်စွက်ပြောပါတယ်။
Source AFP
#LocalNews
Published -25 May 2022
နိုင်ငံတကာမှာခေတ်စားနေတဲ့ သစ်သား Resin အလှဆင်ပရိဘောဂလုပ်ငန်းကို မြန်မာနိုင်ငံကကုက္ကိုသား၊ ပိတောက်သား၊ ကျွန်းသားတို့နဲ့ ပြုလုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်ကိုထိုးဖောက်သွားဖို့ရှိတယ်လို့ ကြို့ပင်ကောက်က လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာက YMG ကိုပြောပါတယ်၊၊
ပြည်ပမှာ ကျပ်(၁၅)သိန်းကျော်လောက်တန်ဖိုးရှိတဲ့ သစ်သား Resin အလှဆင်ပရိဘောဂတွေကို မြန်မာနိုင်ငံမှာတော့ ဈေးကွက်မတွင်ကျယ်သေးတဲ့ အတွက် (၅)သိန်းကျော်(၆)သိန်းဝန်းကျင်နဲ့ကို ဈေးကွက်ရပြီး ရောင်းချရဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်၊၊
"ကုက္ကိုသား၊ ပိတောက်၊ ကျွန်းတိုနဲ့ Resinလုပ်ပါတယ်၊၊ ပရိဘောဂအပြင် Interior ဒီဇိုင်းတွေအကုန်သုံးလို့ရတယ်၊၊ အိမ်တွင်းအလှဆင်ရော အိမ်အပြင်ဘက်အလှဆင်ရောသုံးလို့ရတယ်၊၊အဓိကကတော့ စားပွဲ၊ ကုလားထိုင်တွေအများဆုံးလုပ်ဖြစ်တာပေါ့၊၊ ဈေးကွက်အနေနဲ့မြန်မာနိုင်ငံမှာတော့ နည်းပါတယ်၊၊
ကျွန်တော်ကပထမဦးဆုံး Natural Wood & Resin Art Galleryဆိုပြီး showroomလုပ်ဖြစ်တာပေါ့၊ နယ်မှာပဲလုပ်ဖြစ်သွားတယ်၊၊ ကုန်ကြမ်းပေါတာက တစ်ကြောင်းနေရာကျယ်ဝန်းတာက တစ်ကြောင်း ကြောင့်နယ်မှာ ပဲလုပ်ဖြစ်ခဲ့ပါတယ်၊၊ ပြည်တွင်း၊ပြည်ပ ဈေးကွက်ကိုထိုးဖောက်သွားဖို့ရှိပါတယ်"လို့ ကိုဇေယျာက ပြောပါတယ်၊၊
လတ်တလောမှာ တာချီလိတ်၊ ရန်ကုန်၊ မန္တလေးစတဲ့ ဒေသတွေကို ပိုနေပြီးပြည်တွင်း၊ ပြည်ပဈေးကွက်ကို ဆက်လက်ထိုးဖောက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်၊၊
ပြည်ပနိုင်ငံတွေအနေနဲ့ အနောက်ဥရောပနိုင်ငံတွေ ခေတ်စားနေသလိုအာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံတွေမှာလည်း သစ်သား Resin အလှဆင် ပရိဘောဂလုပ်ငန်းတွေတွင်ကျယ်ပြီး ဈေးကွက် ကျယ်ပြန့်လျက်ရှိပါတယ်၊၊
မြန်မာနိုင်ငံက ထုတ်လုပ်တဲ့သစ်သား Resin အလှဆင်ပရိဘောဂအချို့မှာတော့ handmade လက်ရာတွေပါဝင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#WorldHealth
Published 25 May 2022
လာမယ့်ဆယ်စုနှစ်အတွင်း ရင်သားကင်ဆာဖြစ်လာနိုင်ချေရှိတဲ့ အသက် ၅၀ အောက် အမျိုးသမီးတွေကို တံတွေးစစ်ဆေးစမ်းသပ်နည်းဖြင့် ရာခိုင်နှုန်းတဝက်နီးပါးအထိ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်တော့မှာ ဖြစ်ပါတယ်။
ရင်သားကင်ဆာဖြစ်နေတဲ့ အသက် ၅၁ နှစ်ရှိ တီဗီအစီအစဉ်တင်ဆက်သူ'ဂျူလီယာဘရက်ဒ်ဘူရီ'ကို စမ်းသပ်မှု ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးဌာနအတွင်းရေးမှူး'ဆာဂျစ်ဂျာဗစ်'က ယုံကြည်ထိရောက်တဲ့ သုတေသနတစ်ခုဖြစ်ကြောင်း သဘောတူလိုက်ပါတယ်။
အဆိုပါ စမ်းသပ်နည်းဟာ ဓာတ်မှန်မရိုက်ရသေးတဲ့ အသက် ၅၀ အောက်အမျိုးသမီးတွေထဲက ရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့သူတွေကို ထုတ်ဖော်ပေးနိုင်မှာဖြစ်ပါတယ်။
အမျိုးသမီး ၂,၅၀၀ မှာ ရင်သားကင်ဆာဖြစ်လာနိုင်ချေရှိ/မရှိ တံတွေးစစ်ဆေးစမ်းသပ်နည်းဖြင့် လေ့လာခဲ့ကြပါတယ်။
ဒီအမျိုးသမီးတွေရဲ့ကျန်းမာရေးအခြေအနေကို ၁၀ နှစ်နီးပါးလေ့လာစောင့်ကြည့်နေခဲ့ပြီး ၆၄၄ ဦးက ရင်သားကင်ဆာဖြစ်ပွားလာတာကို တွေ့ခဲ့ရပါတယ်။
ပုံမှန်ဆေးစစ်ဆေးမှု၊ ကျန်းမာရေးသမိုင်းကြောင်းအချက်အလက်များ၊ ရင်သားသိပ်သည်းဆနဲ့အတူ တံတွေးစစ်ဆေးစမ်းသပ်နည်းဖြင့် စစ်ဆေးခဲ့ရာမှာ တကယ်ရင်သားကင်ဆာဖြစ်တဲ့သူတဝက်ခန့်ကို တိကျစွာခန့်မှန်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
မန်ချက်စတာတက္ကသိုလ်မှ ဦးဆောင်လေ့လာသူ ပရော်ဖက်ဆာ'ဂါရတ်အီဗန်စ်'က "အဆိုပါအမျိုးသမီးတွေအားလုံး ရင်သားကင်ဆာကာကွယ်ဆေးအသုံးပြုမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေကို ၄ ပုံ ၁ ပုံခန့်ကာကွယ်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို အမျိုးသမီး ၄ ထောင်ရဲ့အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်၊ အသက် ၅၀ အောက်အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်လောက်က ဖြစ်တတ်တာမို့လို့ ပိုကြီးအရေးကြီးပါတယ်" လို့ ပြောပြသွားပါတယ်။
NHS မှာ တံတွေးစစ်ဆေးစမ်းသပ်နည်းက စတာလင်ပေါင် ၂၅၀ ခန့်ကုန်ကျနိုင်ပြီး ရင်သားကင်ဆာဖြစ်မှ ကုသမယ်ဆိုရင်တော့ ပေါင်သောင်းဂဏန်းလောက်အထိ ကုန်ကျမှာဖြစ်ပါတယ်။
ရင်သားကင်ဆာဖြစ်ပွားထားတဲ့ အမျိုးသမီး ၄၈ ရာခိုင်နှုန်းလောက်က ကင်ဆာအဆင့် ၂ နဲ့အထက်ရှိသူတွေ ဖြစ်ပါတယ်။
အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်နှုန်းကတော့ ရင်သားကင်ဆာဖြစ်ပေါ်နိုင်ချေ ၂ ရာခိုင်နှုန်းလောက်သာ ရှိတတ်ပါတယ်။
ဒါကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေများသူတွေက မကြာခဏဓာတ်မှန်ရိုက်စစ်ဆေးဖို့လိုပြီး ဖြစ်နိုင်ချေနည်းသူတွေကတော့ သိပ်ပြီးလိုအပ်လေ့မရှိပါဘူး။
လေ့လာမှုပြုလုပ်ခဲ့တဲ့ သူတွေထဲမှာ ၁၀ ယောက်မှာ ၄ ယောက်နှုန်းက ရင်သားကင်ဆာဖြစ်နိုင်ချေများသူတွေရော အလယ်အလတ်ဖြစ်နိုင်ချေရှိသူတွေရော ဖြစ်နိုင်ချေအနည်းဆုံးသူတွေရော ပါဝင်နေပါတယ်။
ယူကေမှာ နှစ်စဉ်ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၅၅,၀၀၀ ဦးရှိပြီး အမျိုးသား ၃၇၀ ဦးရှိနေပါတယ်။
Source: DailyMail
#Yangon_Media_Group
#LocalNews
Published_25 May 2022
ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများကို ယခု ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။
၂ဝ၁၇ ခုနှစ်အတွင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်းကောင်း ပိတ်ထားခဲ့ရသော စာသင်ကျောင်းပေါင်း ၁၂၂ ကျောင်း ရှိနေခြင်းလည်း ဖြစ်သည်။
ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ တိုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ယခုအခါ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 25 May 2022
နစကရဲ့ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို မေ ၂၅ ရက် ယနေ့တွင် ဆက်လက်ကျင်းပ သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 25 May 2022
လူသားတွေအနေနဲ့ ကိုဗစ်ရောဂါမကူးစက်အောင် ခပ်ကင်းကင်းမနေထိုင်နိုင်ပေမယ့် အသစ်ဖန်တီးထုတ်လုပ်ထားတဲ့ စားပွဲတင် လေကန့်လန့်ကာကတော့ အသက်ရှူမှုတ်ထုတ်လိုက်တဲ့လေမှုန်များကို တားဆီးဟန့်တားပေးနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
လေလမ်းကြောင်းများ ဖန်တီးပေးတဲ့ လေကန့်လန့်ကာက ခွဲစိတ်ခန်းတွေမှာ လူနာတွေကိုကာကွယ်ပေးဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။
ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှ သုတေသီတွေက စားပွဲတင်လေကန့်လန့်ကာစက်အသစ်ကိုတီထွင်စမ်းသပ်ရာမှာ ဓာတ်ခွဲခန်းပညာရှင်တစ်ဦးက လူနာထံကနေသွေးဖောက်ယူတဲ့ ပုံစံမျိုးနဲ့ စမ်းသပ်ခဲ့ကြပါတယ်။
ရှူထုတ်လိုက်တဲ့လေမှုန်တွေက လေကန့်လန့်ကာကိုဖြတ်မသွားဘဲနဲ့ လမ်းကြောင်းပြောင်းထွက်သွားကြောင်း AIP Advances ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ကြပါတယ်။
လေကန့်လန့်ကာကိုဖြတ်ပြီး လက်ထည့်လိုက်ရင်တောင် လေလမ်းကြောင်းကို မနှောင့်ယှက်နိုင်သလို ကာကွယ်နိုင်စွမ်းကိုလည်း မထိရောက်စေပါဘူး။
စွမ်းဆောင်ရည်မြင့် လေမှုန်စစ်ထုတ်ပစ္စည်း(HEPA)ကို လေစုပ်ယူအပေါက်ထဲမှာ တပ်ဆင်ထားပါတယ်။
တကယ့်လက်တွေ့စမ်းသပ်ရာမှာ ထိရောက်မှုရှိတယ်ဆိုရင် ဆေးရုံဆေးခန်းတွေမှာသာမက ခပ်ခွာခွာ နေထိုင်ဖို့မတတ်နိုင်တဲ့ ဧည့်ကြိုကောင်တာလို နေရာတွေမှာပါ ရောဂါပိုးကာကွယ်ဖို့အသုံးဝင်လာမှာဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 25 May 2022
အမေရိကန် ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက မေလ ၂၄ရက် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်ရာ ကလေးငယ်(၁၈)ဦးနှင့် လူကြီး(၃)ဦးသေဆုံးခဲ့ရပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ ဒါဟ အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံနေတဲ့ လူအမြောက်အများကို သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်မှုတွေထဲမှာ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ် ဆာဗာဒါရာမို့စ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ ပြန်လည်တုန့်ပြန်ရင်း ရဲအရာရှိတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့တ်ကပြောပါတယ်။။ အခင်းဖြစ်ပွားရာမှာ အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ သူကဆက်ပြောပါတယ်။
သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။
ကလေး(၁၄)ဦးနှင့် ကျောင်းဆရာတစ်ဦးကနဦးသေဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာ အက်ဘော့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကဆပ်ဆီးနိတ်အမတ်ရိုလန်ဂူတီယာရက်ဇ်က ကလေး၁၈ဦးနှင့်လူကြီး၃ဦးအထိ သေဆုံးသွားပြီလို့ ပြည်နယ်ရဲဌာနကို ကိုးကားပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။
နယူးယောက်က လူမည်းရပ်ကွက် ဘတ်ဖလိုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့ရပြီး ၁၀ရက်အကြာမှာ ယခု မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။
အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ တွေ့နေမြင်နေကျလို ဖြစ်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုနောက်ဆုံးတက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါ။
ဆန်အန်တိုနီယိုရဲ့ အနောက်ဖက် မိုင်၈၀ခန့်အကွာမှာရှိတဲ့ တက္ကဆပ်ကယူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းပစ်ခတ်ခဲ့မှု အခြေအနေ အသေးစိတ်ကို အရာရှိတွေက သိပ်မသိကြသေးဘဲရှိပါတယ်။
သေနတ်သမားဟာ ကားကိုစွန့်ပစ်ထားခဲ့ပြီး ကျောင်းထဲကို ရိုင်ဖယ်သေနတ်ဖြစ်နိုင်တဲ့ သေနတ်ကို ကိုင်ဆောင် ဝင်ရောက်လာခဲ့တယ်လို့ ယုံကြည်ရတယ်လို့ အက်ဘော့က ပြောပါတယ်။
ရာမို့စ်ဟာ မူလတန်းကျောင်းထဲကို သေနတ်နှင့်ဝင်မလာခင် သူ့အဖွားကို အရင်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲသတင်းအရင်းအမြစ်ကို ကိုးကားပြီး စီဘီအက်စ်က သတင်းထုတ်လွှင့်ပါတယ်။
“သူဟာ ကျောင်းကို မဝင်လာခင် သူ့အဖွားကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနှစ်ခုအကြား ဘယ်လိုချိတ်ဆက်မှုရှိတယ်ဆိုတာကိုတော့ သတင်းအချက်အလက်ထပ်မရသေးပါဘူး” လို့ အက်ဘော့ကပြောပါတယ်။
ဆန်အန်တိုနီယိုတက္ကသိုလ်ဆေးရုံမှာ ပစ်ခတ်မှုကြောင့် လူနာနှစ်ဦးရောက်လာပြီး သူတို့ဟာ အသက်၆၆နှစ်အရွယ် အမျိုးသမီးကြီးနှင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိုးရိမ်ရတယ်လို့ အဲဒီဆေးရုံက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်အတွက် မေ၂၈ရက် နေဝင်ချိန်အထိ အလံကို တိုင်တစ်ဝက်လွှင့်ထူကြဖို့ အမိန့်ပေးထားပါတယ်။ သူဟာ နိုင်ငံကိုအဲဒီကိစ္စမိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့ ယူဗယ်ဒီကျောင်းခရိုင်ရဲမှူး ပီတီ အာရက်ဒွန်ဒိုကပြောပါတယ်။ အမေရိကန်ကျောင်းတွေမှာ အဲဒီအတန်းတက်နေတဲ့ကလေးတွေဟာ အသက်အရွယ်အားဖြင့် ၇နှစ်ကနေ ၁၀နှစ်အကြား ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။
Source Reuters





Published 24 May 2022
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အထူးရထားအသစ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကနေ ရထားတစ်စီးဟာ တနင်္လာနေ့က ထွက်ခွာလာပါတယ်။ ဒါဟာ တရုတ်-အာဆီယံ ကုန်သွယ်ရေးစင်္ကြသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။
စက်ပစ္စည်းတွေ၊အီလက်ထရွန်းနစ်နှင့်မော်တော်ကား အစိတ်အပိုင်းတွေပါဝင်တဲ့ TEUကွန်တိန်နာအလုံး(၆၀)ကို သယ်ဆောင်လာတဲ့ ရထားဟာ အနောက်တောင်ယူနန်ပြည်နယ်က လင်ချမ်းကိုဖြတ်သန်းပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ၁၅ရက်အကြာမှာ ရောက်ရှိပါမယ်။
ယခုကုန်ရထားလမ်းကြောင်းဟာ ပုံမှန်လမ်းကြောင်းတွေထက် ရက်ပေါင်း၂၀ အချိန်သက်သာပြီး ထောက်ပို့စရိတ်တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
ချုံကျင့်နှင့် အနီးတစ်ဝိုက်က ကုန်ပစ္စည်းတွေဟာ ဒီလမ်းကြောင်းအသစ်ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို တင်ပို့နိုင်မှာဖြစ်ပြီး ဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသတွေဆီ ရောက်ရှိမှာဖြစ်ပါတယ်။
အဲဒီအပြင် လမ်းကြောင်းသစ်ဟာ ချုံချင့်ကို အာဆီယံနှင့် RCEPအဖွဲ့ဝင်နိုင်ငံတွေနှင့် ချိတ်ဆက်မှု မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source CCTV
Page 1630 of 1806