#Local_News
Published_5 October 2022
အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal ၌ ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (ဝ.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ၂၉ ရက်နေ့တွင် MOPS ဈေးမြင့်တက်မှုကြောင့် အနည်းငယ် မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ HSD (၁ ဒသမ ၈၆) ဂါလံသန်းနဲ့ ပရီမီယံဒီဇယ်ဆီ PHSD (၂ ဒသမ ၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄ ဒသမ ၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောမှ ဓာတ်ဆီ 92 Ron (၂ ဒသမ ၁၃) ဂါလံသန်းကို သီလဝါဆိပ်ကမ်းတွင် ဆီချလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာပြီး ဒီဇယ်မျိုးစုံဈေးနှုန်းမှာလည်း ကျဆင်းလာကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိတ်တံတား(ခ)မြိတ်ဂျက်တီ၌ ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်တွင် ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ အမျိုးသားတစ်ဦး သံလွင်မြစ်ထဲသို့ ပြုတ်ကျသွားသောကြောင့် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က အဆိုပါ အခင်းဖြစ်ပွားခဲ့၍ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ ယခုအခါ ဆိုင်ကယ်ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရေထဲကျသွားသူအား ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published _5 October 2022
လဝက ဝန်ကြီးဟောင်းဦးခင်ရီအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ သစ်အဖြစ် ယနေ့အောက်တိုဘာလ ၅ ရက်တွင် ကျင်းပနေဆဲဖြစ်သော တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)မှ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်သည့် စာရင်းများဟုဆိုကာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ရွေးချယ်ထားသည့် အမည်စာရင်းများ ပေါက်ကြားထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
"ညီလာခံက မနေ့ကပဲ စတာပါ၊ မနက်ဖြန်မှ ပြီးပါမယ်။ ဒီနေ့ဒုတိယနေ့မှာ ပါတီဥက္ကဋ္ဌ အဖြစ်ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌကတော့ ဦးမြတ်ဟိန်း နဲ့ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တို့ ဖြစ်တယ်လို့ ကြေညာတယ်။ တခြား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နာမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်၊ မနက်ဖြန် ညီလာခံ တတိယနေ့မှာ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ပါတီဗဟိုအတွင်းရေးမှူးတွေကို ဆက်ပြီးတော့ ရွေးဖို့လည်း ရှိပါတယ်"ဟု USDP ပါတီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။
လက်ရှိကျင်းပနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာလ ၄ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာမြင့်သည့် ညီလာခံ ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 October 2022
နဂိုနာတာရှည်ရောဂါအခံများ ပိုဆိုးရွားမည်စိုးရိမ်၍ ကိုဗစ် ကာကွယ်ဆေး မထိုးထားကြသူများ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးမှုများနေသဖြင့် ကိုဗစ်ကာကွယ် ဆေးမပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါ သေဆုံးရသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူ အဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်ခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်ဟု ဖော်ပြပါရှိသည်၊၊
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများ ပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက် မကွက်ခံယူကြပါရန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည်ရောဂါ အခံတစ်ခုခု ရှိသူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံမှုခံယူရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက်ဆက်သွယ်ဆောင်ရွက်ကြပါရန်တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြ ထားသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်း ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် မြေကျင်းတူးရာမှ အုတ်ခွက်ဘုရားများကို အောက်တိုဘာလ ၁ ရက်တွင် တွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲက သိရသည်။
သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်းရှိ (၁၉၈၃)ခုနှစ်တွင် တည်ဆောက်ခဲ့သော ကျောင်းဆောင်ကိုဖျက်ပြီး RC နှစ်ထပ်ကျောင်းဆောင် အဖြစ် ပြန်လည်တည်ဆောက်ရန် Foundation ကျင်းများတူး ရာမှ အနက် (၇) ခန့်၌ အုတ်ခွက်ဘုရား (၂၈၀)ဆူ ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ်ခန့် ကာလကလည်း အဆိုပါ အ.ထ.က(၂)ကျောင်း၏ တစ်ဘက်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အုတ်ခွက် (၂၀၀၀) ကျော်ခန့် တွေ့ရှိခဲ့ဖူးကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အုတ်ခွက်ဘုရားများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက စစ်ဆေးရာ ရှေးဟောင်းအုတ်ခွက်ဘုရားများ ဖြစ်ပြီး အချို့ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပုဂံဒေသတွင် တွေ့ရှိရသော အုတ်ခွက်ဘုရားများတွင် သရုပ်ဖော်ထားသော ဇာတ်ကွက်များနှင့်မတူသည့် အုတ်ခွက်ပုံစံအသစ်များ ပါဝင်နေကြောင်း၊ ၎င်းတို့မှာ ပုဂံထက် အနည်းငယ်စောသော သထုံမြို့ဟောင်း၊ မွန်တို့၏ကိုးကွယ်ယုံကြည်မှုကို ဖော်ပြနေသဖြင့် သမိုင်းကြောင်းအတွက် အထောက်အကူပြုနိုင်သော ရှေးဟောင်းအုတ်ခွက်ဘုရားများဖြစ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လွှဲပြောင်းပေးပါက မွန်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာသုတေသနပြုနိုင်ရန် မော်လမြိုင်မြို့ရှိ ယဉ်ကျေးမှုပြတိုက်၌ ခင်းကျင်းပြသထားရှိမည်ဖြစ်ပါကြောင်း သိရသည်။



#ymg/mt
#Yangon_Media_Group
#Local_News
Published_5 October 2022
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခင်နှစ်ထက် ကန်ဒေါ်လာ တစ်သန်းကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၏ ငါးလကျော်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ကန်ဒေါ်လာ ၃၂၆ ဒသမ ၀၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ၌ ကန်ဒေါ်လာ ၃၂၇ ဒသမ ၂၂ သန်း တင်ပို့နိုင်ခဲ့ခြင်းကြောင်း သိရသည်။
မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများက တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး၊ မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့်ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများက တစ်ဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများမှရရှိသော ရေထွက် ကုန်များကို ကုန်ကြမ်းများအဖြစ် တိုက်ရိုက်တင်ပို့နေ၍ အအေးခန်း စက်ရုံများတွင် စနစ်တကျ ပြုပြင်ထုပ်ပိုးပြီးမှ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 5 Oct 2022
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် ပထမတစ်သုတ်ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဟိမဝန္တာလိုနေရာမျိုးမှာ အသုံးပြုနိုင်မယ့် အမြင့်ပျံရဟတ်ယာဉ်အမျိုးအစားအဖြစ် အခြေခံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ ရုရှားကနေမှီခိုနေရတာကို လျှော့ချတဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။
ယခုတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဟင်ဒူစတန်အဲရိုနော့တစ်လိမိတက် (အိတ်ချ်အေအယ်လ်)က ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယလေတပ်ရဲ့ တိုက်ပွဲစွမ်းရည်တွေကို ကြီးမားစွာမြှင့်တင်ပေးမှုတစ်ရပ်ပဲဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီး ရာချ်နက် ဆင်းက အိန္ဒိယအနောက်ပိုင်း ဂျိုပါး လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကိုပြောပါတယ်။
“ အလွန်အရေးပါတဲ့အခမ်းအနားဖြစ်တယ်။ အထူးဂုဏ်ယူစရာ ပြီးတော့ ဆယ်စုနှစ်နှစ်စုမှာ လုံ့လဝီရိယရှိရှိ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တဲ့ အကျိုးရလာဒ်တစ်ခုဖြစ်တယ်” လို့ ဆင်းကပြောပါတယ်။
ရဟတ်ယာဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တစ်သောင်းခြောက်ထောင် အထိ စမ်းသပ်ပျံသန်းပေးပြီးပြီလို့ အရာရှိတွေကပြောပါတယ်။
အိန္ဒိယဟာ ပြည်တွင်းကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကို တည်ဆောက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ပြည်တွင်းထုတ် လေယာဉ်တစ်စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

Source AFP
#Hindustan_Aeronautics_Limited
#India_made_Light_Combat_Helicopters
#India_Defence_Industry
#World_Military
Published 5 October 2022
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်နိုင်ငံအပေါ်ကနေ ဖြတ်သန်းပြီး စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့က တုံ့ပြန်တဲ့အနေနှင့် ဒုံးကျည်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အဝေးဆုံးဒုံးကျည်ပစ်ခတ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
အင်္ဂါနေ့တုန်းက နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်(IRBM)ကို ယခင်ကထက် ပိုမိုဝေးကွာအောင် စမ်းသပ်ပစ်ခတ်ခဲ့ကာ ဂျပန်နိုင်ငံအပေါ်ကနေ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းသွားခဲ့တဲ့အတွက် ပြည်သူများ အကာအကွယ်ယူနေထိုင်ဖို့ သတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တပ်များက ပင်လယ်ထဲသို့ ဒုံးကျည်များအတွဲလိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပြီး အစောပိုင်းကလည်း တိုက်လေယာဉ်များဖြင့် ပင်လယ်ဝါထဲသို့ ဗုံးကျဲလေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ Hyunmoo-2 ဒုံးကျည်ဟာ ပစ်လွှတ်ပြီးမကြာခင်မှာပဲ ပျက်ကျသွားပေမယ့် ထိခိုက်သူမရှိခဲ့ဘူးလို့ စစ်တပ်က အတည်ပြုလိုက်ပါတယ်။
ထိုဒုံးကျည်မှာ ထိပ်ဖူးတပ်ထားပေမယ့် မပေါက်ကွဲခဲ့ဘဲ ပြည်သူတွေအထိတ်တလန့် ဖြစ်ရခြင်းအပေါ် တောင်းပန်ခဲ့ကြောင်း စစ်တပ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ မဟာမိတ်များက စစ်အင်အားကို အရှိန်မြှင့်ပြသနေသော်လည်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီကတော့ အခုနောက်ဆုံးစမ်းသပ်မှုကို အန္တရာယ်များတဲ့ မဆင်မခြင်လုပ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'တို့က မြောက်ကိုရီးယားစမ်းသပ်မှုကို အပြင်းထန်ဆုံးရှုတ်ချလိုက်ကာ ဥရောပသမဂ္ဂကလည်း ဒါဟာ မဆင်မခြင်လုပ်ရပ်နဲ့ တမင်တကာရန်စခြင်းလို့ ဆိုလိုက်ပြီး ကုလထွေချုပ်'အန်တိုနီယိုဂူတာရက်စ်'ကလည်း မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ချက်ဟာ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကို ချိုးဖောက်ရာကျကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့တောင်းဆိုမှုဖြင့် ကုလလုံခြုံရေးကောင်စီဟာ ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားအကြောင်း ဆွေးနွေးသွားမှာဖြစ်ပေမယ့် တရုတ်နဲ့ရုရှားတို့က အဖွဲ့ဝင် ၁၅ နိုင်ငံတွေ့ဆုံမယ့် အစည်းအဝေးပွဲပြုလုပ်ဖို့ကို ဆန့်ကျင်လိုက်ပါတယ်။
ကောင်စီအနေနဲ့ ကိုရီးယားကျွန်းဆွယ်က အခြေအနေကို ဖြေလျှော့ရန်သာ အထောက်အကူဖြစ်စေဖို့အတွက် ကြိုးပမ်းသင့်ကြောင်း ထောက်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ Hwasong-12 အမျိုးအစားကွဲတစ်ခုဖြစ်နိုင်ပြီး ၂၀၁၇ ခုနှစ်က ဂူအမ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ပစ်ခတ်ရန် အစီအစဉ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား အစိုးရကရော နိုင်ငံပိုင်မီဒီယာတွေကပါ အဆိုပါစမ်းသပ်မှုအကြောင်းနဲ့ ဒုံးကျည်အမျိုးအစားအကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က မြောက်ကိုရီးယားစမ်းသပ်မှုကို မဆင်မခြင်လုပ်ရပ်လို့ ဆိုလိုက်ကာ သူ့တိုင်းပြည်၊ မဟာမိတ်များနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပြတ်သားတဲ့တုံ့ပြန့်မှု ဆောင်ရွက်ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဒီစမ်းသပ်ပစ်ခတ်ခြင်းက မဆင်မခြင်ရာကျပြီး တမင်တကာရန်စတဲ့အပြုအမူဖြစ်ကာ ကုလလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကို ချိုးဖောက်ရာကျကြောင်း ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 5 October 2022
လူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့ သော မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် ချို့ယွင်းချက်များဖြင့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကိုရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက် ပယ်ချကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်မှာ ထုတ်ပြန် ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် မှစ၍ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကို ဆက်လက်ရွေးချယ် ပစ်မှတ်ထားရန် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ က အပြန်အလှန် ဆွေးနွေးပွဲ အများအပြားကို ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် လည်းကောင်း၊ စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်တို့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့်လည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်မှာပင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့်လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ခေတ္တလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် လည်းကောင်း အပြန်အလှန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါတယ်။
တရားစွဲဆိုရေး အဖွဲ့မဟုတ်သည့် လူ့အခွင့်အရေးကောင်စီသည် IIMM ကဲ့သို့ ယန္တရားထူထောင်ရန် လုပ်ပိုင်ခွင့်မရှိဘဲ IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ပူးတွဲ အဆိုတင်သွင်းသူများ လိုချင်သည့် ကောက်ချက်ချမှုများ ရရှိရန် IIMM ကို ယင်းသို့မသဲမကွဲစီမံထားခြင်းကြောင့် IIMM ယန္တရားကို စတင်ထူထောင်စဉ်ကပင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း မရှိခဲ့ပါ။
အထူးအစီရင်ခံစာ တင်သွင်းသူသည် ၎င်းကိုယ်တိုင်ကိုယ်ကျသိရှိခြင်းမရှိဘဲ ခိုင်လုံမှုမရှိသည့် ဆန့်ကျင်ဖက်အရင်းအမြစ်များကိုသာ အလွယ်တကူ ရည်ညွှန်းပြီး လုပ်ပိုင်ခွင့်ကို တလွဲသုံးလျက် မြန်မာအစိုးရသည် နိုင်ငံတကာပြစ်မှုများ ကျူးလွန်ကြောင်းကိုသာ အကြိမ်ကြိမ်စွပ်စွဲမှုများ ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။
၎င်းသည် ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကျော်လွန်လျက် NUG အကြမ်းဖက် အဖွဲ့ကို အသိအမှတ်ပြုရေး လူသိရှင်ကြားဆော်ဩနေသည့်အပြင် ကလေးသူငယ် ၈၈ ဦး အပါအဝင် လက်နက်မဲ့ပြည်သူ ၃၈၀၀ ကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် NUG နှင့် PDFs အကြမ်းဖက်များ၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ခြင်းဖြင့် နိုင်ငံတကာကို လိမ်လည် လှည့်ဖျားလျက်ရှိတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဘက်ပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ရန်အတွက် အချို့သော အနောက်နိုင်ငံများထံမှ ပံ့ပိုးမှုအမျိုးမျိုးရရှိထားသော အဖွဲ့အစည်းများနှင့် မီဒီယာများ၏ စာရွက်စာတမ်းများ နည်းတူလှုံ့ဆော်သည့်အစီရင်ခံစာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ထို့အပြင် မဟာမင်းကြီးရုံးသည် မြန်မာနိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ကို တားဆီးပိတ်ပင်ရန် ရည်ရွယ်၍ နိုင်ငံပိုင်လုပ်ငန်းများအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများဆောင်ရွက်ရန် တောင်းဆိုထားပြီး ယင်းမှာ စင်စစ်တွင် ပြည်သူလူထု၏ လူနေမှုဘဝအပေါ် သက်ရောက်စေမည်ဖြစ်သည်။ အလားတူ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီးသည်လည်း မြန်မာအစိုးရအပေါ် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ချဲ့ကားပြောကြားခဲ့သော်လည်း အပြန်အလှန် ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာမြန်မာ နိုင်ငံ၏ ပါဝင်တက်ရောက်ခွင့်၊ ခုခံချေပခွင့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ခဲ့ပါတယ်။
ခေတ္တမဟာမင်းကြီးက နိုင်ငံအတွင်း အချို့သောထိတွေ့မှု ဖြစ်စဉ်များကို ပြောကြားခဲ့ရာတွင် တိုင်းရင်းသားဒေသအချို့ရှိ လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအပေါ် ဆိုးရွားစွာ ကျူးလွန်မှုများကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်း(၁၅)ခုနှင့် အစိုးရမဟုတ်သော နိုင်ငံ တကာအဖွဲ့ အစည်း(၂၆) ခု ရုံးလည်ပတ်လျက်ရှိရာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခွင့် ငြင်းပယ်ခံရကြောင်း စွပ်စွဲချက်မှာ ယုတ္တိမရှိကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အတည်ပြုပြီးသော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အသင့်ရှိသော်လည်း “ရိုဟင်ဂျာ” အသုံးအနှုန်းကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ အသိအမှတ်မပြု ကြောင်းဖော်ပြထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _5 October 2022
ကိုရီးယားရောက် မြန်မာအလုပ်သမားများ မရရှိခဲ့သည့် လုပ်အားခ ဝမ်သိန်းတစ်ထောင်ကျော် ပြန်လည်ရရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာအလုပ်သမား ၂၂ ဦး မရရှိခဲ့သည့် လုပ်အားခပေါင်း ဝမ်သိန်း ၁၀၃၉၇၈၆၇၁ ကို ဥပဒေဘောင်အတွင်းမှရယူပေးနိုင်ခဲ့ကြောင်း ယင်းစင်တာက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ ၂၂ ဦးထဲတွင် ဗီဇာရှိသူ ၁၄ ဦး နှင့် ဗီဇာမရှိသူ ၈ ဦးလည်း ပါဝင်ကြောင်း၊ စက်တင်ဘာလက စင်တာသို့ ဆက်သွယ်အကူညီတောင်းသူ ၂၄၂ ဦးထိ ရှိခဲ့ကြောင်းလည်း အဆိုပါ မြန်မာအလုပ်သမားလူမှု ဖူလုံရေးစင်တာ၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Health_Development
Published 5 October 2022
ကင်ဆာပျံ့ပွားပုံကို နားလည်သဘောပေါက်လာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ကုသမှုများရရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ကင်ဆာဆဲလ်များက ခန္ဓာကိုယ်မှာပျံ့နှံ့စေရန် ကျန်းမာတဲ့ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်ကို အပိုင်စီးနင်းလိုက်ကာ ကင်ဆာနဲ့ပတ်သက်တဲ့ လက်ရှိအယူအဆတွေကို လုံးဝပြောင်းလဲစေပါတယ်။
ကင်ဆာလူနာတွေထဲမှာ သေဆုံးရတဲ့အဓိကအကြောင်းအရင်းတစ်ခုဖြစ်တဲ့ အကျိတ်ပျံ့ပွားခြင်းက ပျံ့နှံ့ပြီဆိုရင် တားဆီးရအလွန်ခက်ခဲနေပါတယ်။
ဒါဟာ သုတေသီတွေက ဒီဖြစ်စဉ်ရဲ့ အဓိကသော့ချက်တွေကို ရှာတွေ့ဖို့ ခက်ခဲနေတာကြောင့် ဖြစ်ပါတယ်။
အခုတော့ NALCN ဆိုတဲ့ပရိုတိန်းတစ်မျိုးက အဓိကပါဝင်ပတ်သက်နေတယ်လို့ တွေ့ရှိထားပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ NALCN ပရိုတိန်း ပိတ်ဆို့ခြင်းက ကင်ဆာအကျိတ်များ ဖြစ်လာစေကြောင်း တွေ့ရှိခဲ့ပါတယ်။
ကင်ဆာမရှိတဲ့ ကြွက်တွေထံမှ ထိုပရိုတိန်းကိုဖယ်ရှားလိုက်တဲ့အခါ ကျန်းမာတဲ့ဆဲလ်တွေက မူလတစ်ရှူးများမှ ထွက်ခွာသွားကာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိရာကို သွားလာကြပါတယ်။
ဒီလိုနည်းအားဖြင့် ကင်ဆာဆဲလ်တွေက ကျန်းမာတဲ့ဆဲလ်တွေ ပျံ့နှံ့တဲ့အတိုင်း ကင်ဆာပျံ့နှံ့စေတာဖြစ်ပါတယ်။
ဒီတွေ့ရှိချက်တွေက ဆယ်စုနှစ် ၃ ခုအတွင်း အရေးပါဆုံးတွေ့ရှိမှုတွေဖြစ်ကြောင်း ယူကေကင်ဆာသုတေသနညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ရစ်ချက်ဂီလ်ဘတ်ဆန်'က ပြောကြားလိုက်ပါတယ်။
နောက်ထပ်လေ့လာမှုတွေပြုလုပ်နိုင်ရင် ကင်ဆာပျံ့ပွားခြင်းမှ ကာကွယ်ရန်နဲ့ ပျက်စီးသွားတဲ့အစိတ်အပိုင်းများ ပြုပြင်ရန်နည်းလမ်းများပါ ရှာဖွေနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။
ပရိုတိန်းတစ်ခုတည်းက ကင်ဆာပျံ့ပွားပုံနဲ့ အကျိတ်ကြီးထွားခြင်းကို ထိန်းချုပ်ရုံမက သာမန်တစ်ရှူးဆဲလ်ပျက်စီးခြင်းနဲ့ ပြုပြင်ခြင်းတို့ကိုပါ ထိန်းချုပ်နိုင်ကြောင်းကို အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။
အခုဆိုရင် ကင်ဆာဆဲလ်တွေ ဘယ်လိုပျံ့ပွားလဲဆိုတာကို ပိုပြီးနားလည်လာပါပြီ။
ကင်ဆာပျံ့ပွားခြင်းကို ဖြစ်စေတဲ့အခြေအနေကို လက်ရှိဘယ်လိုဆေးတွေနဲ့ ဟန့်တားနိုင်မလဲဆိုတာ စဉ်းစားရမှာပါလို့ ပြောကြားခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _4 October 2022
မန္တလေးတွင် အငှားယာဉ်မောင်းကိုသတ်၍ ကားလုယူသွားသူများအား တောင်ကြီး၌ဖမ်းမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၃ ရက် ည ၈ နာရီခွဲခန့်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များမှ သတင်းအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း စုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်စဉ် ပြည်ကြီးတံခွန်မြို့နယ်၌ အငှားကားမောင်းနှင်သူအားသတ်ဖြတ်၍ ကားလုယူထွက်ပြေးခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ၂ရက် ည၈နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊၁၂၈လမ်းနှင့်စက်မှုပန်းခြံလမ်းထောင့်၊ မြို့နယ်လျှပ်စစ်ရုံးအနောက်ဘက်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိရကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဘယ်ဘက်ရင်အုံအောက်ဘက်နှင့် ညာဘက်ခြေသလုံးတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက်က ၃၀ အရွယ် ကိုပြည့် ဆိုသူကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းမှာမက်တူးအဖြူရောင်ယာဉ်ဖြင့် မြို့တွင်းဘုရားဖူးလိုက်သွားရာမှ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ဘုရားဖူးကားငှားမည်ဟု ပြစ်မှုကျူးလွန်ခဲ့သူများက လိမ်လည်ခေါ်ဆောင်ခဲ့သောကြောင့် ကိုပြည့် MDY CC/4268 Toyota mark2 အဖြူရောင်မော်တော်ယာဉ်ဖြင့် အောက်တိုဘာလ၂ရက် နံနက် ၇ နာရီခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် နေအိမ်သို့ ပြန်ရောက်လာခဲ့ခြင်း မရှိသည့်အတွက် လူပျောက်လိုက်ရှာရာမှ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်သည်။
လူသတ်ပြီးကားကိုလုယူသူများမှာ ၂၆လမ်း နှင့် ၅၄လမ်းထောင့်အနီးရှိဟိုတယ်တွင်တည်းခိုနေသူများဖြစ်ပြီး လုယူလာသည့် ကားဖြင့်ဟိုတယ်ကို ပြန်ရောက်လာကာ အဝတ်ထုပ်နှင့် အခြားပစ္စည်းများကို သယ်ယူသွားကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူကပြောကြားထားသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈လမ်းနှင့် ၁၃၉ကြား ၊ ၇၇လမ်းနှင့်၇၈လမ်းကြား လမ်းဘေးတွင် ဇူလိုင်လ ၂၆ရက် က အသက်၃၀အရွယ် အမျိုးသားတစ်ဦး၏ ကားကိုလုယူကာလူကိုသတ်၍ အလောင်းကို လမ်းဘေး၌ စွန့်ပစ်သည့် အမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1631 of 2055