Published 19 June 2022
Chairman of State Administration Council Senior General Min Aung Hlaing received a peace delegation led by Saw Stee, Commander-in-Chief of the Democratic Karen Benevolent Army (DKBA) at the Bayintnaung Villa in Naypyidaw, SAC's information team reported. DKBA peace delegation arrived in Naypyidaw yesterday and will hold detailed talks with the state peace team in the days following its meeting with Senior General Min Aung Hlaing.
#LocalNews
Published _ 19 June 2022
ယခုနှစ် မိုးစပါးစိုက်တောင်သူများကို ယူရီးယား ဓာတ်မြေဩဇာများအား သင့်တင့်မျှတသည့် စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရေးတွင် အဓိကအရေးပါသော ပုလဲ ဓာတ်မြေဩဇာ(ခေါ်) ယူရီးယား ဓာတ်မြေဩဇာများကို စပါးစိုက်တောင်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စားသုံးမှုအတွက် အရေးပါသည့် မိုးစပါးစိုက်ပျိုးရေးကို အဓိကအထောက်အကူပြုနေသော ယူရီးယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်စေရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ဓာတ်မြေဩဇာများကို မိုးစပါး စိုက်ပျိုးရာသီအချိန်မီ တင်သွင်းခဲ့ကြောင်း သိရသည်။
ထိုသို့တင်သွင်းထားသည့် ဓာတ်မြေဩဇာများကို ယခုအခါ တောင်သူများထံသို့ ဈေး နှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်နှုန်းဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ ဓာတ်မြေဩဇာများ ရောင်းချပေးမည့် မြိုနယ်များမှာ ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြ၊ မအူပင်၊ ပုသိမ်မြို့များအပါအဝင် ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်၊ သဲကုန်း၊ မင်းလှမြို့၊ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ ဒလ၊ တိုက်ကြီးမြို့နှင့် နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ သီရိမြို့နယ်များပါဝင်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 19 June 2022
ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိနေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ စစ်ဦးစီးချုပ် အဆင့်ရှိစောစတီးနှင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ(၁၉)ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့က နေပြည်တော်သို့ရောက်ရှိခဲ့တာဖြစ်ပြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအပြီး နောက်ရက်တွေမှာ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အသေးစိတ်ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။
ယခုDKBA အဖွဲ့တွေ့ဆုံမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ (၈)ဖွဲ့မြောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။
Ymg/nl/
#Localnews
Published _19 June 2022
ပြည်တွင်း မွေးမြူရေးလုပ်ငန်းများအတွက် အဓိက အစာကုန်ကြမ်းဖြစ်သည့် ဖွဲနုဈေးနှုန်းများသည် ယခုနှစ်အတွင်း မြင့်တက်လျက်နေရှိကာ ဖွဲနုကုန်ကြမ်းကို အခြေခံအစာအဖြစ်ကျွေးသည့် မွေးမြူရေးလုပ်ငန်းအချို့အတွက်လည်း အခက်အခဲများရှိလာကြောင်း သိရသည်။
ဆန်စက်များတွင် လုံးတီးဆန်များကိုသာ ကြိတ်ခွဲရသဖြင့် ဖွဲနုအထွက်နှုန်းနည်းပါးတာကြောင့် ဈေးတက်လာခြင်းပင်ဖြစ်သည်။
စပါးဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုသည် ယခင်က တစ်ပေါင်လျှင် ၁၀၅ ကျပ်မှ ၁၁၀ ကျပ်သာ ရရှိပြီး၊ ပေါင် ၇၀ တစ်အိတ်လျှင် ကျပ် ၇၃၀၀ မှ ၇၇၀၀ ကျပ်ထိရှိခဲ့ကာ လက်ရှိတွင် တစ်ပေါင်လျှင် ၁၉၅ ကျပ်မှ ၂၀၀ ထိ ရှိလာသဖြင့် ပေါင် ၇၀ တစ်အိတ်လျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
အစာကုန်ကြမ်းဈေး မြင့်တက်မှုများကြောင့် အစာဖိုး၊ မျိုး ငါးဖိုး၊ ကန်ခ၊ အလုပ်သမား စရိတ်အပြင် အခြားကုန်ကျစရိတ်များရှိလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်အချို့ အခက်အခဲများ ရင်ဆိုင်နေရပြီး၊ တစ်နိုင်တပိုင် မွေးမြူရေးလုပ်ကိုင်နေသူများ အများစုမှာ လုပ်ငန်းများ ခေတ္တရပ်နားထားရသည်အထိ ကြုံတွေ့နေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#LocalNews
Published - 19 June 2022
ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ကသာမြို့နှင့် ရွေကူမြို့တို့တွင် စိုးရိမ်ရေအမှတ်ကို ရောက်ရှိမည်ဖြစ်၍ မြစ်နား၊ကမ်းနားနှင့် မြေနိမ့်ပိုင်းနေသူများ သတိပြုနေထိုင်ရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ဇွန်လ(၁၉)ရက်တွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်ကိုရောက်ရှိနေပြီဖြစ်ပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိမည်ဖြစ်သည်၊၊
ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင်သာမက ကသာမြို့တွင်လည်း စိုးရိမ်ရေအမှတ်ကို နောက်(၃)ရက်အတွင်းရောက်ရှိမည်ဟု ဇွန်လ(၁၇)ရက်က မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားသလို ရွှေကူမြို့တွင်လည်း စိုးရိမ်ရေးအမှတ်ကို နောက်(၂)ရက်အတွင်း ရောက်မည်ဟု ဇွန်လ(၁၇)က သတိပေးချက်ထုတ်ပြန်ထားသည်၊၊
ဒါကြောင့်မို့လို ဗန်းမော်မြို့ရှိမြစ်နားကမ်းနားနေထိုင်သူများ၊မြေနိမ့်ပိုင်းနေထိုင်သူများသတိပြုနေထိုင်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်၊၊
ဒီ့အပြင် ဇွန်လ(၁၉)ရက်ကထုတ်ပြန်သည့် မြစ်ရေခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊စစ်ကိုင်း၊မြင်းမူ၊မန္တလေး၊ပခုက္ကူ၊ညောင်ဦး၊ချောက်၊မင်းဘူး၊မကွေး၊ အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်၊သီပေါမြို့နယ်များတွင်လည်း မြစ်ရေတိုးမည်ဖြစ်ကြောင်း မိုး/ဇလက ဖော်ပြထားသည်၊၊
အခုရက်ပိုင်းအတွင်းဧရာဝတီမြစ်ရေတိုးလာ၍ ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်နှင့်ရွှေကူမြို့နယ်များရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်လာသောကြောင့် ဒေသခံများကို မီးသတ်ဦးစီးဌာနက နေရာပြောင်းရွေ့ပေးနေရကြောင်းနှင့် မြစ်ရေတိုးလာသဖြင့် နေရာပြောင်းရွေ့ရန်လိုအပ်သူများ ပြောင်းရွေ့နေထိုင်ကြရန် လိုအပ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_19 June 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀ ကျော်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သံအရာရှိရုံးက သိရသည်။
အမျိုးသား ၈၈ ဦး၊အမျိုးသမီး ၅၂ ဦး နှင့်အတူ ကလေးအမျိုးသား ၁၀ ဦးနှင့် ကလေး အမျိုးသမီး ၅ ဦးလည်း ပါဝင်ခဲ့ကြောင်း၊ယင်းတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ ၉ စီးဖြင့် ဇွန်လ ၁၇ ရက် က အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate ၊နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၉၂ ဦး၊အမျိုးသမီး ၆၇ ဦး၊ကလေး အမျိုးသား ၄ ဦး၊ ကလေးအမျိုးသမီး ၆ ဦးတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ ၁၀ စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 June 2022
လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်အပါအဝင်ဘက်ထရီစက်ဘီးတွေကိုပါ စီးနင်းခွင့် ထပ်မံပိတ်ပင်လိုက်ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
ဇွန်လ ၁၇ ရက်နေ့မှစတင်ပြီး စီးခွင့်ပိတ်လိုက်ခြင်းဖြစ်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဟုတ်တယ် ဘက်ထရီစက်ဘီးတွေစီးလို့မရဘူးဆိုပြီး လိုက်အော်တယ်။ ဆိုင်ကယ်စီးလို့မရတာကိစ္စမရှိဘူး။ ကျွန်တော်တို့က အလုပ်သမားဖြစ်တဲ့အတွက် ဘက်ထရီဘီးလေးတွေနဲ့သွားရတာ။ အခုလိုတွေပိတ်တော့ အဆင်မပြေတော့ဘူး။ ကားကလည်းအဆင်မပြေဘူး"ဟုငွေလင်ဗန်းစက်မှုဇုံမှ အလုပ်သမား ကိုအောင်အောင်ကပြောသည်။
အဆိုပါ ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဇွန်လ ၁၆ ရက်တွင်လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်များမှ အလုပ်သမားအများစုလာရောက်လုပ်ကိုင်နေထိုင်ခြင်းဖြစ်ပြီး လူဦးရေ တစ်သိန်းနီးပါးရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်တို့တွင်လည်း ဆိုင်ကယ်စီးခွင့် ပိတ်ထားကြောင်း သိရသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ အမှတ် (၂) ယာဥ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးသို့ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။
ymg/sth
#Yangon_Media_Group
Published 19 June 2022
ယူကရိန်းစစ်ပွဲဟာ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ နေတိုးအကြီးအကဲက တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ကိဗ်ကို ဥရောပသမဂ္ဂထဲဝင်ဖို့ ကိုယ်စားလှယ်လောင်းဖြစ်လာစေအောင် အီးယူကထောက်ခံပေးလိုက်ပြီးနောက် ရုရှားက တိုက်ခိုက်မှုတွေမြှင့်တင်လာတဲ့အချိန်မှာ နေတိုးအကြီးအကဲက ယခုလိုပြောခဲ့တာပါ။
ခေတ်မီဆန်းပြားတဲ့ လက်နက်တွေ ယူကရန်းတပ်ကို ပံ့ပိုးပေးခြင်းဟာ အရှေ့ပိုင်းဒေသကို ရုရှားထိန်းချုပ်မှုမှ လွတ်မြောက်စေမယ့်အခွင့်အရေးကို တိုးမြှင့်ပေးလိမ့်မယ်လို့ ဂျင်းန်စတိုလ်တင်ဘတ်ခ်က ပြောတဲ့အကြောင်း ဂျာမနီက ဘိုင်းအမ်ဆွန်တက် သတင်းစာကရေးသားပါတယ်။
“ စစ်ပွဲဟာ နှစ်ပေါင်းများစွာကြာနိုင်တယ်ဆိုတဲ့ အချက်အတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ယူကရိန်းကို ထောက်ခံတာတွေ လျော့ကျလာလို့မဖြစ်ဘူး” လို့ နေတိုး အတွင်းရေးမှူးချုပ်ဖြစ်တဲ့ သူကပြောပါတယ်။
“ စစ်ရေးထောက်ပံ့မှုတွေတင်မကဘဲ စွမ်းအင်နှင့်စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်ကစရိတ်တွေမြင့်လာတယ် ဆိုဦး ဆက်ထောက်ပံ့ရမယ်” လို့ သူကပြောပါတယ်။
သောကြာနေ့က ကိဗစ်ကိုသွားရောက်ခဲ့တဲ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ဖို့ လိုတယ်လို့ပြောထားပါတယ်။
လက်နက်တွေ၊ကိရိယာတွေ၊ခဲယမ်းတွေနှင့် သင်တန်းတွေကို ယူကရိန်းဟာ ကျူးကျော်သူထက် ပိုမြန်မြန်ရဖို့ အာမခံတဲ့ သဘောဖြစ်တယ်လို့ လန်ဒန်မှာ ထုတ်ဝေတဲ့ ဆန်းဒေးတိုင်းမ်သတင်းစာမှာ သူက ထင်မြင်ချက်ဆောင်းပါးရေးသားပါတယ်။
“အချိန်က သေရေးရှင်ရေးသမျှ အရေးကြီးတဲ့ အချက်ပဲ”လို့ သူကရေးပါတယ်။
“ ရုရှားက သူ့ရဲစွမ်းရည်ကို ပြန်မြှင့်တင်နေချိန်ထက် ယူကရိန်းက ဘယ်လောက်ခပ်မြန်မြန်အင်အားတောင့်တင်းလာမလဲ ဆိုတဲ့ အချက်ပေါ် အရာအားလုံးမှီတည်နေတယ်” လို့ သူကဆက်ရေးပါတယ်။
“ယူကရိန်းကိစ္စစိတ်ပျက်ငြီးငွေ့” လာမှာကို ရှောင်ရှားကြရမယ်လို့ ဂျွန်ဆင်က သတင်းထောက်တွေကို စနေန့က ပြောပါတယ်။
ရုရှားတပ်တွေက ရှေ့ကိုတစ်လှမ်းချင်းတိုးလာနေတဲ့အချိန်မှာ ယူကရိန်းကို ကာလရှည်ကြာ ထောက်ခံအားပေးမယ်ဆိုတာကို ယူကရိန်းပြည်သူတွေသိအောင် မဟာမိတ်တွေက ပြသရမယ် လို့သူကပြောပါတယ်။
Source: Reuters
#LocalNews
Published_19 2022
ကန်ပိုက်တီဂိတ်က ရာနှင့်ချီသောတစ်သျှူးငှက်ပျောကားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့နေ့စဉ်ဝင်ရောက်ပို့ဆောင်နေသောကြောင့် ဒေသတွင်းတစ်ရှူးငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံစီမံကိန်းရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ ကုန်သွယ်ရေး ကန်ပိုက်တီမြို့နယ်စပ်ကုန်သွယ်ရေးစခန်းကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် တစ်သျှူးငှက်ပျောကားများကို အစီးရေ ၃၀ ဖြင့် စမ်းသပ်ခဲ့ရာမှာ ထပ်မံတိုးချဲ့လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်နေ့လျှင် အစီးရေ ၃၀၀ ကျော်ထိရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀ဝ၃ ခုနှစ် ၊ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ကာ ၂၀ဝ၆ ခုနှစ်၊ ဇွန်လတတိယပတ်တွင် ယာယီ ပိတ်သိမ်းခဲ့ရသေးသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးကတစ်ဆင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်တင်ပြီး ပြန်ဖွင့်ပေးရန် တင်ပြခဲ့သောကြောင့် ၂၀ဝ၉ ခုနှစ် ဇွန်လ ၂၇ ရက်က စခန်းသစ်ဖွင့်လှစ်ခွင့်ပြုမိန့် ထုတ်ပြန်၍ ဩဂုတ်လ ၁ ရက်တွင် One Stop Service (OSS) အဖွဲ့ဝင် အားလုံးပါသော နိုင်ငံတော်အဆင့်စခန်းအဖြစ် တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ချင်းပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံကျေးရွာအုပ်စု၌ တည်ရှိကြောင်း သိရသည်။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀ ဒဿမ ၈၈၆ သန်းအထိ ကုန်သွယ်မှု ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 19 June 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက် ရေတံခွန်အနီးတွင် လီလောက်ဆန်း မောင်းနှင်လာသည့် Hijet မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
အဆိုပါယာဉ်ပေါ်တွင် ဂေါ်ဖီထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလို နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 19 June 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီလာဝဲပြည်နယ်က ရီဟိုဘုတ်ကမ်းခြေကိုသွားရောက်တဲ့ အားလပ်ရက်ခရီးအတွင်း စနေနေ့မှာ ထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်ဖို့ သူကိုယ်တိုင်နင်းလာတဲ့စက်ဘီးကို ရပ်လိုက်ပြီး စက်ဘီးပေါ်က အဆင်းမှာ လိမ့်ကျခဲ့ပါတယ်။
သူဟာ ထိခိုက်ဒဏ်ရာရပုံတော့မရှိပါဘူး။ လဲကျပြီးနောက် ချက်ခြင်း ပြန်ထလာပြီး “ ကျွန်တော်ဘာမှမဖြစ်ဘူး” လို့ အသက်၇၉နှစ်အရွယ်ရှိသူကပြောပါတယ်။သတင်းထောက်တွေရှေ့မှောက်မှာမှ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ ခြေချော်သွားတာလို့ သူကပြောပါတယ်။
စက်ဘီးစီးဦးထုပ်ဆောင်းထားတဲ့ သမ္မတ ဘိုင်ဒင်ဟာ သူစက်ဘီးပေါ်က ခြေချောင်းအိမ်ကလေးကို ဖြုတ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
အဲဒီနောက် ဘိုင်ဒင်ဟာ သူစက်ဘီးစီးတာကိုလာအားပေးကြတဲ့ ပြည်သူတွေနှင့် မိနစ်များစွာ အချိန်ပေးစကားပြောခဲ့ပါတယ်။
ဘိုင်ဒင်နှင့် သမ္မတကတော် ဂျီလ်ဘိုင်ဒင်တို့ဟာ ဒီလာဝဲလ်ကမ်းခြေက ဂေါဒွန်ရေကန်အနီးတစ်ဝိုက် နံနက်စောစော စက်ဘီးစီးနင်းတာတွေပြီးစီးခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ မင်္ဂလာသက် ၄၅နှစ် အမှတ်တရပွဲ သောကြာနေ့က ဆင်နွှဲခဲ့ကြပါတယ်။
သမ္မတဟာ ဆေးဝါးကုသစရာမလိုအပ်ပါဘူးလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
Source: Reuters
Published 19 June 2022
လိင်တူချင်းနှစ်သက်မှုကို နှိမ်နှင်းတဲ့အနေနှင့် ဆော်ဒီအရာရှိတွေက မြို့တော်ရီယာဒ်မှာရှိတဲ့ ဆိုင်တွေကနေ သက်တန့်ရောင် အရုပ်တွေနှင့် အဝတ်အစားမျိုးစုံတို့ကို သိမ်းဆည်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
ရှေးရိုးအစွဲရှိတဲ့ ဘုရင့်နိုင်ငံတော်ဆော်ဒီအာရေဗျဟာ ၂၀၂၉ခုနှစ်ကစပြီး ကမ္ဘာလှည့်တွေကို တံခါးဖွင့်ခဲ့ပေးမယ့် အခြား ပင်လယ်ကွေ့နိုင်ငံတွေလိုပဲ လိင်တူနှစ်သက်မှုကို တရားမဝင်သတ်မှတ်ထားတာနှင့် သေဒဏ်တွေရှိနေတာနှင့်ပတ်သက်လို့ လူ့အခွင့်အရေးမှတ်တမ်းမှာ ဝေဖန်ပြောဆိုခံနေရတာပါ။
သိမ်းဆည်းရမိတာတွေအထဲမှာ သက်တန့်ရောင်ဖဲပြားတွေ၊စကတ်တွေ၊ဦးထုတ်တွေနှင့် ခဲတံဘူးတွေပါဝင်ပါတယ်။ အများစုကတော့ ကလေးငယ်တွေအတွက် ဖြစ်ပုံရတယ်လို့ နိုင်ငံပိုင်ရုပ်သံ အယ်အီဘာရီယာသတင်းက ပြောပါတယ်။
“အစ္စလမ်ရဲ့ ကိုးကွယ်ယုံကြည်မှုကိုဆန့်ကျင်ပြီး အကျင့်စာရိတ္တထိခိုက်တဲ့၊ပြီးတော့ လူငယ်တွေကို ပစ်မှတ်ထားတဲ့ လိင်တူ အရောင်တွေကို အားပေးမြှင့်တင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်” လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောပါတယ်။
ရီယတ်ဈေးတွေထဲကဈေး တစ်ဈေးမှာ လိင်တူအလံတွေကို တွေ့ရတယ်လို့ သတင်းထောက်တစ်ဦးကလည်းပြောပါတယ်။
ဒီအရောင်တွေဟာ ကလေးတွေကို အဆိပ်သင့်စေတဲ့ သတင်းစကားတွေပို့နေတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဧပြီလာက ဆော်ဒီအာရေဗျဟာ ဒစ်စနေရဲ့ နောက်ဆုံးရုပ်ရှင် Marvel ထဲက သက်တန့်ရောင်ဖဲပြားတွေဟာ LGBTQ ကို ကိုယ်စားပြုလို့ ဖြတ်တောက်ပေးဖို့ပြောခဲ့ပေမယ့် ဒစ်စနေက ငြင်းဆန်ခဲ့ပါတယ်။
အဲဒီအချိန်က အစိုးရက ဒစ်စနေနှင့် ညှိနှိုင်းအဖြေရှာဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမတော့ ဆော်ဒီရုပ်ရှင်ရုံတွေမှာ ပြသခြင်း မပြုခဲ့ပါဘူး။
ဒစ်စနေရဲ့ နောက်ဆုံးကာတွန်းကား "Lightyear”မှာ လိင်တူချင်းနမ်းတဲ့အခန်းပါလို ဆော်ဒီအာရေဗျနှင့် နိုင်ငံပေါင်း (၁၂)နိုင်ငံကျော်မှာ ပြသခွင့်ပိတ်ခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ လူမှုပြုပြင်ပြောင်းလဲမှုအစိတ်အပိုင်းတစ်ခုအဖြစ် ဆယ်စုနှစ်တစ်စုကြာပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို ၂၀၁၇နှောင်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆော်ဒီမှာရုပ်ရှင်ဈေးကွက်ကြီးထွားလာခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၂၃၈ သန်းရရှိခဲ့ပါတယ်။ ယခင်နှစ်ထက် ၉၅ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။
Source: AFP
Page 1577 of 1802