#LocalNews
Published - 24 June 2022
ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်ကို တစ်နိုင်ငံလုံးရှိ ဟိုတယ်များတွင် အသုံးပြုရန် စီစဉ်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်တွင် လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်များအား မှတ်တမ်းလုပ်မည့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS)ကို လက်ရှိတွင် နေပြည်တော်ရှိ ဟိုတယ်အချို့ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။
"အဲဒီဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)အရ ဟိုတယ်တွေမှာ လာရောက်တည်းခိုနေတဲ့ ဧည့်သည်တွေရဲ့ ဆက်လက်သွားရောက်မဲ့ ခရီးလမ်းကြောင်းတွေ၊ လာရောက်တဲ့ကိစ္စတွေက အစ နောက်ကြောင်းလိုက်နိုင်တဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါစနစ်ကို ရန်ကုန်မြို့ရှိ ဟိုတယ်များတွင် အသုံးပြုရန်အတွက် ညွှန်ကြားထားပြီး တစ်နိုင်ငံလုံးလွှမ်းခြုံရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကို အသုံးပြုရန် လုပ်ဆောင်ခြင်းသည် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက်အကျိုးရှိမည့်စနစ်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 24 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် ည ၈ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ နမ့်ခမ်း-မူဆယ်သွားလမ်း၊ အမှတ်(၁)မန့်ခမ်းရပ် ကွက်တွင် မူဆယ်မှ နမ့်ခမ်းသို့ ခါးအောင် မောင်းနှင်လာသော TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၂ သိန်း သိမ်းဆည်း ရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့နယ်မှ နမ့်ခမ်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published _ 24 June 2022
ယခု ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း နေရာခြောက်ခုကို ခရီးသွားနေရာများအဖြစ် သတ်မှတ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ကလောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာနှင့် တောင်ကြီးမြို့နယ်အတွင်းရှိ နမ့်ဗေးရေ တံခွန်၊ ခိုလမ်မြို့အနီးရှိ နောင်ဖာကန်၊ ကွန်ဟိန်းမြို့အနီးရှိ ကွန်အော်ရေတံခွန်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ဝတိုင်းရင်းသား ကျေးရွာတစ်ရွာနှင့် တာချီလိတ်မြို့နယ်အတွင်းရှိ လားဟူတိုင်းရင်းသားကျေးရွာ တစ်ရွာတို့ ပါဝင်ကြောင်း သိရသည်။
ခရီးသွားနေရာများ သတ်မှတ်ဖော်ဆောင်မည့် နေရာဒေသများတွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် နားနေဆောင်များ၊ ကားရပ်နားရန်နေရာများ၊ အိမ်သာများ၊ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ အစရှိသော အခြေခံအဆောက်အအုံများအား ဆောက်လုပ်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ခရီးသွားနေရာများတွင် တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ ရိုးရာယဉ်ကျေးမှုများနှင့် သဘာဝအလှအပရှုခင်းများကို ပြည်တွင်း၊ ပြည်ပက ခရီးသွားဧည့်သည် များသိရှိစေရန် လူမှုမီဒီယာပလက်ဖောင်းကို အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 24 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးနှင့် ၂၀၂၂ -၂၀၂၃ ခုနှစ် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းစီမံချက်အရ ကန်ထရိုက်စနစ်ဖြင့် နေကြာများ စိုက်ပျိုးနိုင်ရေးကို ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
"မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ၊ မုန်ညင်း၊ ပန်း၊ နှမ်း ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိပါတယ်။ဒါ့ပြင် ပြည်တွင်း စားသုံးဆီဖူလုံစေရေးအတွက် လက်ရှိမှာဆီထွက်နေကြာ သီးနှံကို လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ အရင်းအနှီးနဲ့ ပံ့ပိုးပစ္စည်းတွေ ထုတ်ချေးပေးပြီး၊ ထွက်ရှိလာမဲ့ သီးနှံတွေကို ပြန်လည်ဝယ်ယူပေးခြင်းတွေအပြင် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးတဲ့ လုပ်ငန်းတွေပြုလုပ်ပေးနေပြီး အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်ရေးအတွက် သက်ဆိုင်ရာဌာနများက၊ ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်လို့" ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးအပြင် စိုက်ပျိုးသူတောင်သူလယ်သမားများ တစ်ဦးချင်းဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေသည့် လုပ်ငန်းဖြစ်ကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#WorldDevelopment
Published 24 June 2022
မော်လ်ဒိုက်ဗ်နိုင်ငံမှာ ရေပေါ်မြို့ကြီးတစ်ခုကို ဖန်တီးဆောက်လုပ်လျက်ရှိပြီး လူနေအိမ်များ၊ ဈေးဆိုင်များနဲ့ စာသင်ကျောင်းများ ပါဝင်မည်ဖြစ်ကာ လူဦးရေ ၂ သောင်းနေထိုင်နိုင်မှာဖြစ်ပါတယ်။
နယ်သာလန်ဗိသုကာကုမ္ပဏီ Waterstudio မှ ရေပေါ်မြို့ကို တည်ဆောက်ရန် တာဝန်ယူထားပြီး မြိုတော်မာလီနဲ့ ၁၀ မိနစ်ခန့်သာကွာဝေးပါတယ်။
ရေပေါ်မြို့ရဲ့ဒီဇိုင်းပုံစံကတော့ ဦးနှောက်ပုံသဏ္ဍာန်ကဲ့သို့ သန္တာကျောက်တန်းများ ပုံစံအတိုင်း ရေပေါ်ပလက်ဖောင်းတွေနဲ့ ချဲ့ထွင်ထားတာဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ဒေသတွင်းဆောက်လုပ်ရေး Dutch Docklands နဲ့ မာလီဒေသခံအစိုးရတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း Waterstudio တည်ထောင်သူ'ကွန်အိုလ်သိုင်'က Insider ကို ပြောပြခဲ့ပါတယ်။
ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွင်း နေထိုင်ရာအိမ်ခြေများ ပိုမိုရရှိစေရန်အတွက် ဖြစ်ပါတယ်။
နောက်လာမယ့်မျိုးဆက်တွေအတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ရေပေါ်မြို့ဆောက်လုပ်ခြင်းဖြင့် ထိုပြဿနာဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း 'အိုလ်သိုင်'ကဆိုပါတယ်။
ရေပေါမြို့မှာ နေထိုင်ဖို့ ကုန်ကျစရိတ်က မော်လ်ဒိုက်ဗ်ရှိ ကုန်းတွင်းအဆောက်အအုံတွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားဖြစ်လာပြီး ၂၀၂၇ မှာ အိမ်ခြေပေါင်း ၅ ထောင်နဲ့ လူပေါင်း ၂ သောင်းခန့်ရှိလာနိုင်ကြောင်း 'အိုလ်သိုင်'က ခန့်မှန်းလိုက်ပါတယ်။
CNN ရဲ့ဖော်ပြချက်အရ ယခုလမှာ ပထမဆုံးအခန်းတွေကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး တိုက်ခန်းတစ်ခန်းအတွက် ဒေါ်လာ ၁ သိန်းခွဲကစလို မိသားစုနေအိမ်တစ်အိမ်ကို ဒေါ်လာ ၂ သိန်းခွဲအထိ ဈေးနှုန်းအသီးသီး ရှိနိုင်ပါတယ်။
နေထိုင်သူတွေအနေနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းမှာ စတင်ပြောင်းရွှေ့လာဖိုနဲ့ ၂၀၂၇ မှာ တစ်မြို့လုံးတည်ဆောက်ပြီးစီးဖို့ ဆောက်လုပ်သူတွေက မျှော်မှန်းထားပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်အရ ရေပေါ်မြို့ကို အပိုင်းများပိုင်းခြားထားကာ ကျွန်းအကာအကွယ်အပြင်ဘက်အထိ ဆက်သွယ်ထားတဲ့ ဆဌဂံအပိုင်းများ ပါဝင်မှာဖြစ်ပါတယ်။
အဆောက်အအုံတွေကို လှိုင်းဒဏ်တွေခံနိုင်အောင် မြို့အောက်ခြေကိုခိုင်ခံ့အောင် ထိန်းသိမ်းထားပါတယ်။
တောင်ကိုရီးယားနိုင်ငံက ဘူဆန်ဆိပ်ကမ်းမြို့ဟာ လူပေါင်း ၁၂,၀၀၀ ဝန်းကျင်နေထိုင်နိုင်မယ့် ကုလကျောထောက်နောက်ခံပြု စီမံကိန်းကိုဆောင်ရွက်ဖို့ သဘောတူထားပါတယ်။
ရာသီဥတုညီညွတ်မျှတမှုဆိုင်ရာစင်တာမှ အမှုဆောင်အရာရှိချုပ်'ပက်ထရစ်ဗာကူဂျန်'က "ပင်လယ်ရေမြင့်တက်လာတာကို လိုက်လျောညီထွေဖြစ်အောင်မလုပ်နိုင်ရင် ကုန်ကျစရိတ်တွေပိုမိုများပြားပါလိမ့်မယ်၊ ဒီတော့ အချိန်ဆွဲနေပြီး အကုန်ကျခံမလား ဒါမှမဟုတ် အစီအစဉ်ချပြီးလုပ်ဆောင်မလားဆိုတာကို ရွေးချယ်ရမှာပါ၊ ရာသီဥတုပြောင်းလဲမှုအတွက် ရေပေါ်အဆောက်အအုံတွေတည်ဆောက်ခြင်းက ဒီစီမံကိန်းထဲမှာပါဝင်နေပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published _24June 2022
ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်၌ ကော့ဘဇားမြို့ အခြေစိုက် အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံသို့ လာရောက်လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက ဆရာနှင့် ဆရာမတို့နှစ်ဦးအား မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်၍ ချစ်ကြည်ရေးတံတားမှ ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၅၈ မိနစ်တွင် သက်ဆိုင်ရာဌာနရှိ ဘေးကင်းလုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ပြန်ပေးဆွဲခံထားရသော ဆရာနှင့် ဆရာမတို့နှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်နေသည့် ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ပြန်ပေးဆွဲအဖွဲ့က တောင်းခံထားသည့် မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန်လ ၂၂ ရက်က အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး၌ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 24 June 2022
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ လမ်းလျှောက်တံတားများ
ကို ပြည်သူများ အပန်းဖြေနိုင်ရန်၊ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းဆုံရှိ၊ ကန်တော်ကြီးလမ်းလျှောက် တံတားမုခ်ဦးနေရာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Aquamarine နှင့် Truxor စက်ယန္တရား ကြီးများဖြင့် ကန်တော်ကြီးကန်အတွင်း အမှိုက်များဆယ်ယူရှင်းလင်းနေမှုနှင့် လမ်းလျှောက်တံတားပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည့် လုပ်ငန်းမျာဆောင်ရွက်နေကြောင်း ယင်းမှသိရသည်။
ကန်တော်ကြီး သဘာဝဥယျာဉ်ရှိလမ်းလျှောက် တံတားများပေါ်တွင် အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရန်၊ ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်၊ ကန်တော်ကြီးကန်အတွင်းရှိ ပန်းခြံများသို့ လွယ်ကူစွာလည် ပတ်သွားလာနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့်၊ ကြံ့ခိုင်မှုအားနည်းလာသည့် ယခင်သစ်သားတိုင်အစား ပိုမိုခိုင်ခံ့ပြီး ခေတ်မီလှပသည့် Precast RC Pile(Driven Pile)များဖြင့် တံတားတိုင်များကိုလည်းကောင်း၊ သစ်သားကြမ်းခင်းနေရာများတွင် Steel Structure Menber UB များဖြင့်လည်းကောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ကန်တော်ကြီးအတွင်း လမ်းလျှောက်တံတားပေါင်း ၇ ခုရှိပြီး ကရဝိက်ပန်းခြံမှ ပုဂံလုံးကျွန်းပန်းခြံအထိ ၈၈၆ ပေ၊ ပုဂံလုံးကျွန်းပန်းခြံမှ ငါးပြတိုက်အဟောင်းပန်းခြံအထိ ၃၂၀၅ ပေ၊ ငါးပြတိုက်ဟောင်းပန်းခြံမှ ပုလဲကျွန်းပန်းခြံအထိ ၂၁၇၀ပေ၊ ပုလဲကျွန်းပန်းခြံမှ မဟာမြိုင်ကျွန်းပန်းခြံအထိ ၅၂၀ ပေ၊ ရေချိုငါးဥယျာဉ်ပန်းခြံမှ ဗိုလ်ချုပ်ပန်းခြံအထိ ၃၅၀ပေ၊ ဗိုလ်ချုပ်ပန်းခြံမှ Rock Garden ကျွန်းအထိ ၁၂၆ ပေ၊ ဗိုလ်ချုပ်ပန်းခြံမှ ဘဲဥပုံလမ်းလျှောက် တံတားအထိ ၇၀ ပေ၊ စုစုပေါင်း တံတားအရှည် ၇၃၀၇ ပေ ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#WorldHealth
Published 24 June 2022
ဗိုက်တာမင်အားဆေးတွေဟာ လူအများစုအတွက် အလဟဿငွေကုန်ကြေးကျများပြီး နာတာရှည်ရောဂါများကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။
ဖြည့်စွက်စာအားဆေးတွေဟာ နှလုံးရောဂါ ကင်ဆာရောဂါများဖြစ်နိုင်ချေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရတာကြောင့် ကျန်းမာနေတဲ့သူတွေအတွက်တော့ အကျိုးမရှိကြောင်း သိပ္ပံပညာရှင်များက ပြောပြပါတယ်။
ဖြည့်စွက်အားဆေးလုပ်ငန်းအရ ဗြိတိန်နိုင်ငံသားတွေဟာ ဗိုက်တာမင်နဲ့ သတ္တုဓာတ်အားဆေးတွေအတွက် တစ်နှစ်ကို စတာလင်ပေါင်သန်း ၄၃၀ သုံးစွဲခဲ့ကြပြီး လူဦးရေသန်း ၂၀ လောက်က ဖြည့်စွက်အားဆေးတစ်မျိုးမျိုးကို နေ့စဉ်သုံးစွဲနေကြပါတယ်။
အမေရိကန်မှာ လူဦးရေတဝက်ကျော်လောက်က ဖြည့်စွက်အားဆေးများ ပုံမှန်သုံးစွဲကြပြီး နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံခန့်အထိ သုံးစွဲနေကြတာဖြစ်ပါတယ်။
လေ့လာမှုအသေးစားများအရ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ချေလျှော့ချနိုင်တယ်လို့ အများစုကယူဆနေကြပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံးလေ့လာမှုတွေမှာတော့ ဒီယူဆချက်တွေမှန်ကန်တယ်ဆိုတဲ့အထောက်အထားမျိုး မတွေ့ရပါဘူး။
အားဆေးမှာပါဝင်တဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ ဘီတာကယ်ရိုတင်းဆိုရင် ဘေးအန္တရာယ်တောင်ဖြစ်စေတယ်လို့ သုံးသပ်တွေ့ရှိထားပါတယ်။
ဒါပေမဲ့လဲ ဗိုက်တာမင်ချို့တဲ့ သူများကတော့ ကယ်လ်စီယမ်နဲ့ ဗိုက်တာမင်- ဒီအားဆေးများသောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပြီး အသက်ကြီးသူတွေမှာ အရိုးကျိုးခြင်း အရိုးပွခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များမှာ ခန္ဓာကိုယ်ကိုကျန်းမာစေတဲ့ ဗိုက်တာမင်များ၊ အပင်ဓာတုပစ္စည်းများ၊ အမျှင်ဓာတ်များနဲ့ အခြားအာဟာရဓာတ်များပါဝင်ကာ ကင်ဆာနဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများ လျော့ကျနိုင်ကြောင်း သုတေသီများက ရှင်းပြထားပါတယ်။
ဗိုက်တာမင်တွေကို ကင်ဆာနဲ့နှလုံးရောဂါကုသဖို့အတွက် အသုံးပြုသင့်တယ်ဆိုတဲ့အထောက်အထားမျိုးတော့ မတွေ့ရှိဘူးလို့ ဖော်ပြထားပါတယ်။
ကိုယ်ဝန်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ်လို အားဆေးမျိုးသောက်သုံးရင်တော့ သန္ဓေသားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
"လူနာတွေက ဘာအားဆေးသောက်ရင်ကောင်းမလဲဆိုပြီး အမြဲမေးနေကြပါတယ်၊ အံ့မခန်းအာနိသင်ရှိတဲ့ ဆေးမျိုးတွေကိုသာ အလေးထားနေကြတာဟာ ငွေကြေးအကုန်အကျများတာပဲရှိတာပါ၊ တကယ်ကတော့ ကျန်းမာရေးလိုက်စားဖို့နဲ့ ညီညွတ်မျှတတဲ့ အစားအသောက်မှီဝဲတဲ့အလေ့အကျင့် ရှိဖို့ပဲ လိုအပ်တာပါ" လို ဒေါက်တာ'ဂျက်ဖရေးလင်ဒါ'က ပြောပြခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldEnvironment
Published 23 June 2022
ဘူရီဂန်ဂါမြစ်ကမ်းဘေးက ဆင်းရဲနွမ်းပါးသူတွေနေထိုင်ရာနေရာမှာ အထည်ချုပ်စက်ရုံများ မဖွင့်ခင်နဲ့ မြစ်ရေများ မည်းမသွားခင်အချိန်တုန်းက ဘင်္ဂလာဒေ့ရှ်ကူးတို့သမား'ကာလူမိုလာ'ဟာ စတင် အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။
#Yangon_Media_Group
Published 23 June 2022
ငလျင်ကြီးကြောင့် သေဆုံးခဲ့ရသူတွေကို အာဖဂန်သားတွေဟာ မြေကြီးတူး မြှပ်နှံနေကြပါတယ်။ နိုင်ငံရဲ့ တောင်ထူထပ်တဲ့ နယ်စပ်ဒေသမှာ ၅.၉ ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး ဗုဒ္ဓဟူးနေ့က လှုပ်ရှားခဲ့လို့ အနည်းဆုံးလူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ရတာပါ။ အဲဒီဒေသရွာတော်တော်များများဟာ ပျက်စီးခဲ့ကြရပြီး အချို့အိမ်တွေဟာဆိုရင် အုတ်ကျိုးအုတ်ပဲ့တွေဖြစ်ကုန်ကြရပါတယ်။ ကြံရာမရဖြစ်နေကြတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွာနေတဲ့မိုးအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို အုတ်ကျိုးအုတ်ပဲ့ တွေကြားထဲကနေ ကယ်ထုတ်နေခဲ့ကြရပါတယ်။
Source AFP
Published 23 June 2022
တရုတ်မီဒီယာအုပ်စု(CMG)က ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ မှတ်တမ်းရုပ်ရှင်ကို ဇွန် ၂၀ရက်မှ ၃၀ရက်အထိ အခန်းဆက်အဖြစ် နေ့စဉ်ထုတ်လွှင့်တော့မယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တစ်ရက်မှာ ဒေသရဲ့ မြို့တစ်မြို့အကြောင်းတင်ဆက်ပြသမှာဖြစ်ပြီး အစအဆုံး၁၂နာရီကြာ မှတ်တမ်းရုပ်သံစီးရီးကို တစ်နေ့ တစ်နာရီကြာ အွန်လိုင်းကနေ livestreaming ပြသပေးမယ်လို့သိရပါတယ်။
မဟာ ပင်လယ်အော်ဒေသမှာ အထူးအုပ်ချုပ်ခွင့်ရတဲ့ ဟောင်ကောင်နှင့် မကာအို ဒေသနှစ်ခုပါဝင်ပါတယ်။ အဲဒီအပြင် တရုတ်ပြည်မကြီးက မြို့(၉)မြို့ဖြစ်တဲ့ ကွမ်ကျူး၊ဆိန်းကျိုင်း၊ကျူးဟိုင်း၊ဖော်ဆန်း၊ဝှေးကျိုး၊တုန်းကွမ်း၊ကျုံးဆန်း၊ကျန်းမဲင်းနှင့် ကျောင်းချင်းမြို့တို့လည်းပါဝင်ပါတယ်။
တရုတ်မီဒီယာအုပ်စုဥက္ကဋ္ဌ ဆိန်းဟိုင်းရှုံးက ရုပ်သံမှတ်တမ်းစီရီး စတင်ထုတ်လွှင့်ခြင်းအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး စီအမ်ဂျီရဲ့ မီဒီယာပုံစံစံကတစ်ဆင့် မဟာပင်လယ်အော်ဒေသရဲ့ အထွေထွေမြင်ကွင်းတွေကို တစ်ကမ္ဘာလုံးက ပရိဿတ်တွေ ခံစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။
ဟောင်ကောင်အထူးဒေသ အုပ်ချုပ်ရေးမှူး ဂျွန်လီနှင့် မကာအိုအထူးဒေသအုပ်ချုပ်ရေးမှူး ဟိုလက်စိန်းတို့ကလည်း ဂုဏ်ပြုဗွီဒီယိုတွေပေးပို့ခဲ့ြပါတယ်။ ၁၁ရက်ကြာထုတ်လွှင့်ပြသမယ့် ဒီစီးရီးဟာ ဟောင်ကောင်နှင့်မကာအိုမြိုနှစ်မြို့နှင့် ပြည်မကြီးအကြား ဆက်ဆံရေးတိုးမြှင့်နိုင်စေပြီး ဟောင်ကောင်နှင့်မကာအိုတို့ရေရှည်တည်ငြိမ်ကြွယ်ဝရေးရရှိစေလိမ့်မယ်လို့ သူတို့ကပြောကြပါတယ်။
Source CGTN
#Local_News
Published _ 23 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ စက်သုံးဆီဈေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1568 of 1802