#Local_News
Published_ 10 November 2022
မကျန်းမာသည့်အတွက် ဆေးကုသမှုခံယူခဲ့ရသည့် စာရေးဆရာအကြည်တော်သည် နိုဝင်ဘာလ(၉)ရက်ည ၈ နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မနက်ဖြန်နိုဝင်ဘာလ(၁၁)ရက်၊ ရေဝေးသုဿန်၌ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်၊
ကွယ်လွန်ချိန်တွင် အသက်(၅၁)နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ(၁၁)ရက်၊နေ့လယ်(၃)နာရီအချိန် ရေဝေးသုဿန်၌ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်သည်ဟု မိသားစုဝင်တွေက ပြောသည်၊၊
"နိုဝင်ဘာလ(၁၁)ရက်၊ နေ့လယ်(၃)နာရီမှာရေဝေးသုဿန် အခန်း(၁)(က)မှာ နာရေးအခမ်းအနားလုပ်သွားဖို့ရှိပါတယ်၊၊ ဂူသွင်းသဂြိုဟ်သွားဖို့ရှိပါတယ်၊၊ သူကကိုဗစ်ကြောင့် အသံဝင်တာက မပျောက်ဘူး၊၊ မပျောက်ဘဲနေရာကနေ အသံနည်းနည်းလာတယ်၊၊ လူကလည်းပိန်လာတယ်၊၊ပိန်လာတာကို သူကပျော်နေသေးတာ၊၊ ဘာမှ မလုပ်ဘဲနဲ့ ပိန်လာတယ်ဆိုပြီး၊၊ နောက်ပိုင်းကျတော့ အစာတွေစားတော့ ပျို့ပျို့ထွက်လာတယ်၊၊သွားစစ်လိုက်တော့ ကင်ဆာဖြစ်နေတယ်၊၊ ကင်ဆာမှ အဆင့်တော်တော်များတယ် တကယ်ကုရမယ့်ဆိုရင်တစ်နှစ်လောက်နဲ့ သေနိုင်တဲ့ အနေအထားဖြစ်နေတယ်၊၊ သူကမယုံဘူး ထိုင်းမှာသွားစစ်တယ်၊၊ကင်ဆာပဲ၊၊ လေပြွန်နဲ့လည်ချောင်းကြားမှာဖြစ်တာ၊၊ ဓာတ်ကင်ရင်လေပြွန်တွေ ပေါက်နိုင်တယ်၊၊ လှီးထုတ်လို့လည်း အဆင်မပြေဘူး၊၊ ဆေးသွင်းဖို့ကျတော့ ဒီကင်ဆာအတွက် သွင်းဖို့ဆေးမရှိဘူး၊၊ နောက်ဆုံးဆေးရုံက အစာအိမ်ကင်ဆာအတွက် သွင်းတဲ့ဆေးကပျောက်နိုင်တယ်ဆိုတဲ့ ယျေဘူယျသဘောပဲတွေ့တယ်၊၊ သူထိုင်းကနေဆေးကုပြီး ပြန်လာတယ်၊၊ သူပြန်ရောက်လာတော့ ဟောဟောနဲ့ အိမ်ရှေ့ထွက်လာတယ်၊၊ ခြင်ထောင်ကို မတင်ပြီးဆင်းသွားပြီးသူအဲ့ရှေ့(အိမ်ရှေ့)မှာတုံးလုံးလဲသွားတယ်၊၊ ကွန်ကရစ်ပေါ် လဲကျသွားတယ် ၊၊ လဲကျသွားကတည်းက သူသေသလိုဖြစ်သွားတယ် သတိမရတော့ဘူး "ဟု စာရေးဆရာအကြည်တော်၏ အစ်ကိုဖြစ်သူ ပန်းချီကိုဆန်းက ပြောပြသည်၊၊
ဆရာအကြည်တော်သည် လည်ချောင်း၊ လည်ပြွန်နှင့်ပတ်သက်သည့် ကင်ဆာဝေဒနာကို ထိုင်းနိုင်ငံတွင် သွားရောက်ကုသခဲ့ကာ ကျန်းမာရေးပြန်ကောင်းခဲ့ပြီး ကင်ဆာဆေးသွင်းရန် မြန်မာနိုင်ငံကိုပြန်လာချိန်မှာ ရုတ်တရတ်အသက်ရှူမဝဘဲ (၁၀)မိနစ် နှလုံးခဏရပ်တန့်သွားခဲ့၍ ပင်လုံဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရခြင်းဖြစ်သည်၊၊
ဆေးရုံတွင် အခြေအနေအနည်းငယ်ပြန်ကောင်းလာပြီး ကင်ဆာဆေးလည်း သုံးကြိမ်သွင်းခဲ့နိုင်ပေမယ့် နိုဝင်ဘာလ(၉)ရက်ညပိုင်းမှာတော့ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိရသည်၊၊
စာရေးဆရာအကြည်တော်၏ နာမည်ရင်းသည် စောကြည်ဖြူဖြစ်ပြီး အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့၏ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သားဖြစ်သည်၊၊
၁၉၈၈ ခုနှစ်မှစပြီး ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် ကဝေပျို၏နိဒါန်းဆိုတဲ့ လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်၊၊
ကျောက်သင်ပုန်းများမိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ရွှေမိုးသည်း၊ အိပ်မက်အပိုဒ်ခွဲ (၉)စသော ဝတ္ထုများကို ရုပ်ရှင်ကားကြီးတွေရိုက်ထားရပြီး ယင်းအပါအဝင် ဝတ္ထုပေါင်း (၈၀) ကျော်ကို ရေးသားထားခဲ့တဲ့နိုင်ငံကျော်စာရေးဆရာတစ်ဦးဖြစ်ကြောင်းသိရသည်၊၊


#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 10 November 2022
ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Eiectric Vehicle - BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ပြည်ပမှ Completely Built Up- CBU စနစ်၊ Completely Knocked Down- CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် (Road tractor for Semi-trailer)၊ယာဉ်မောင်း အပါအဝင် (၁၀)ဦး သို့မဟုတ် (၁၀)ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင်မော်တော်ယာဉ်(Bus) (Motor Vehicles for the transport of ten or more person includingthe driver)၊ကုန်တင်ယာဉ် (Truck)၊ လူစီးယာဉ်(Motor Vehicles for the transport of person)၊သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicles for transport of person)၊သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicles for transport of Goods)၊ (ဆ) လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော် ဆိုင်ကယ် (Electric Motorcycle)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး ( Electric Bicycle)၊ လူနာတင်ယာဉ် (Ambulances)၊ ထောင်ကား (Prison Vans)၊ နိဗ္ဗာန်ယာဉ် (Hearses)၊ အပိုဒ်ခွဲ (က)မှ (ဋ)ထိပါ လျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက် ပါရှိ သည့် လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ- အားသွင်းရုံဆိုင်ရာ ပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ)နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်း ခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်း (Spare Part) များကို မြန်မာနိုင်ငံတော်အတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ အခွန်လျှော့ချခြင်းမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ အကျိုးသက်ရောက်ကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_10 November 2022
ဆန်၊ ဆန်ကွဲ၊ ပြောင်းစသည့် လုပ်ငန်းတွေအပါအဝင် မြန်မာကုမ္ပဏီ (၆၀၀) ကျော်မှ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့-GACC ထံက မှတ်ပုံတင်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီတွေအနေဖြင့် ကုန်ပစ္စည်း (၁,၆၀၀) ကျော် တင်ပို့ရောင်းချရန် ရည်ရွယ်ထားပြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ သီးနှံကာကွယ်ရေးဌာနခွဲ-Plant Protection Division က မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးနေကြောင်းသိရသည်။
လက်ရှိတွင် ပြည်တွင်းအခြေစိုက် ဆန်/ဆန်ကွဲတင်ပိုရောင်းချသည့် ကုမ္ပဏီ (၆၂) ခု၊ ပြောင်းတင်ပို့သည့် ကုမ္ပဏီ (၁၁၂)ခုနှင့် တစ်သျှူးငှက်ပျော တင်ပိုရောင်းချမည့် ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုတို့ကို GACC က မှတ်ပုံတင်ခွင့် ပြုထားကြောင်း သိရသည်။
လက်ရှိတွင် GACC လမ်းကြောင်းမှတစ်ဆင့် ဆန်/ဆန်ကွဲ၊ ပြောင်းတို့ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စတင်တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 10 november 2022
ပြည်တွင်းမတ်ပဲဈေးနှုန်းများမှာ ယခုနိုင်ဝင်ဘာလ ဒုတိယအပတ်အစပိုင်းတွင် တစ်တင်းလျှင် ၆ သောင်းအထက်သို့ ပြန်လည်ရောက်ရှိနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်ကမတ်ပဲ တစ်တင်းကို ၅၈၀၀၀ ကျပ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၃ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မတ်ပဲဈေးနှုန်းမှာ ၅၇၀၀၀ကျပ်ရှိခဲ့ကာ ဈေးအနည်းငယ်မငြိမ်မသက်ဘဲ ရှိနေခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့ပေါက်ဈေးကတော့ ၆၀၃၀၀ကျပ်ပါ။ မတ်ပဲဈေးကတော့ ၆သောင်းအထက်ကိုတဖြေးဖြေးပြန်ရောက်နေပါပြီ။ ဈေးတက်လာပါတယ်"ဟု ဟင်္သာတကုန်စည်ဒိုင်၏ တာဝန်ရှိသူက YMGကို ပြောသည်။
မတ်ပဲသည် ပြည်တွင်းစားသုံးမှုလွန်စွာနည်းပါးပြီး ပြည်ပတင်ပို့မှုကိုသာအဓိကအားထားရသည့် သီးနှံဖြစ်သော်လည်း လက်ရှိတွင် ပြည်ပတင်ပို့မှု အတွက် အရောင်းအဝယ် အေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဓိကဝယ်လက်နိုင်ငံများတွင်လည်း ပြည်တွင်းစိုက် မတ်ပဲများ ဈေးကွက်အတွင်းအဆက်မပြတ်ဝင်ရောက်နေခြင်းကြောင့်မြန်မာမတ်ပဲဈေး ကျနေခြင်း ဖြစ်ကြောင်းလည်း ပြည်တွင်း မတ်ပဲ ဈေးကွက်က သိရသည်။
#ymg/NN
#Yangon_Media_Group
#World_Politics
Published 10 November 2022
အင်္ဂါနေ့ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအရ ဒီမိုကရေစီအတွက် အခြေအနေကောင်းနေကြောင်း ကြေညာပြီးနောက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ထပ်မံအရွေးခံရန်ရည်ရွယ်ထားပြီး နောက်နှစ်အစောပိုင်းမှာ အပြီးသတ်ဆုံးဖြတ်ချက် ချသွားဖွယ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
'ဘိုင်ဒင်'ရဲ့ ဒီမိုကရေစီဘက်တော်သားများက မျှော်လင့်ထားတာထက် ပိုပြီးအခြေအနေကောင်းနေကြောင်း အိမ်ဖြူတော်အရာရှိများက ပြသနိုင်ခဲ့ပါတယ်။
ယခုလမှာ အသက် ၈၀ ပြည့်ပြီဖြစ်တဲ့'ဘိုင်ဒင်'ဟာ ဒုတိယအကြိမ်ရွေးကောက်ခံမှာလားဆိုတာနဲ့ ပတ်သက်ပြီး သိချင်နေခဲ့ကြပါတယ်။
၂၀၂၄ မဲဆွယ်စည်းရုံးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း 'ဘိုင်ဒင်'ရဲ့အကြံပေးတစ်ဦးက ပြောကြားခဲ့ပါတယ်။
"ကျုပ်တို့ရဲ့ရည်ရွယ်ချက်က နောက်တစ်ကြိမ်ထပ်ယှဉ်ပြိုင်ဖို့ပါပဲ၊ ဒါဟာ ဒီမိသားစုဆုံးဖြတ်ချက်အပေါ် မူတည်လာမှာပါ" လို့ 'ဘိုင်ဒင်'က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူ့မိသားစုက 'ဘိုင်ဒင်'ကို ထပ်မံယှဉ်ပြိုင်စေချင်ပြီး 'ဘိုင်ဒင်'ကတော့ နောက်ဆုံးဆုံးဖြတ်ချက်ကို အလျင်စလိုမပြုလုပ်ချင်ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ကလည်း ရွေးကောက်ခံဖို့စီစဉ်နေရာ သူ့ရဲ့ရွေးကောက်ပွဲကြေညာချက်နဲ့ မည်သို့မျှမသက်ဆိုင်ကြောင်း 'ဘိုင်ဒင်'ကဆိုပါတယ်။
'ဘိုင်ဒင်'သမ္မတရာထူး ၂ နှစ်အတွင်း ဒီမိုကရေစီအရေးခြိမ်းခြောက်မှုများ ခံစားခဲ့ရပါတယ်။
'ထရမ့်'ရဲ့ထောက်ခံသူတွေက 'ဘိုင်ဒင်'ရဲ့အနိုင်ရရှိမှုကို လက်မခံနိုင်ဘဲ လွှတ်တော်အဆောက်အအုံကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။
'ထရမ့်'ပြန်လည်ရွေးကောက်ခံမယ့်အပေါ် အခြားသောကမ္ဘာ့ခေါင်းဆောင်များ ဘယ်လိုရှုမြင်မလဲဆိုတာကို မေးမြန်းခဲ့ရာမှာ 'ဘိုင်ဒင်'က 'ထရမ့်'အာဏာပြန်ရလို့မဖြစ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
'ထရမ့်'ကလည်း 'ဘိုင်ဒင်'ရဲ့မူဝါဒသတ်မှတ်ချက်ကို တိတိကျကျထောက်ပြဝေဖန်လိုက်ကာ နောက်ရက်သတ္တပတ်အတွင်း ရွေးကောက်ခံမယ့်အစီအစဉ်ကို ကြေညာသွားမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်များအတွက် ငွေကြေးဖောင်းပွမှုပြဿနာက အဓိကစဉ်းစားသုံးသပ်စရာဖြစ်လာပြီး 'ဘိုင်ဒင်'က စည်းရုံးရေးဆင်းဖို့အတွက် အမေရိကန်ဒီမိုကရေစီခြိမ်းခြောက်မှုများကို ကာကွယ်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်အခိုင်အမာရရှိရေးနဲ့ စီးပွားရေးမူဝါဒများမြှင့်တင်ရေးတို့ကို အဓိကထားလုပ်ဆောင်နေပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ သူ့ရဲ့မူဝါဒအချို့ကို ပယ်ဖျက်နိုင်ရန်မျှော်လင့်နေကြပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _10 November 2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ကွမ်းသီးခြံပိုင်၊ ဇင်းကျိုက်ရပ် အမက ဘုံကျောင်း၏ အရှေ့အရပ် ပေ ၂၀၀ ခန့်အကွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ၆ တန်း ကျောင်းသူတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
"ဒီနေ့ မနက် မီးလောင်တာ၊ နေအိမ် ၈ လုံး၊ စပါးကျည်တစ်လုံး မီးလောင်သွားတယ်၊ လူကလေးယောက်၊ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မနက်က မီးလောင်ကျွမ်းခံခဲ့ရတဲ့ မီးစတင်လောင်တဲ့အိမ်က ဒေါ်သန်းသန်းခိုင် (ခ)မခိုင် အပါအဝင် သူတို့ မိသားစု မောင်လင်းထွန်း၊ ဒေါ်ခင်စီ၊ ၆တန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့တယ်"ဟု ဇင်းကျိုက်ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ဇင်ကျိုက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သထုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပေါင်မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၂)စီး တို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ မည်သို့စတင်သည်ကို တိတိကျကျ မသိရသေးပေ။
#ymg/mt
#Yangon_Media_Group
#World_Health
Published 10 November 2022
ဓာတ်ခွဲခန်းထုတ် သွေးနီဥတွေကို လူတွေထံထိုးသွင်းခဲ့ပြီး ကမ္ဘာ့ပထမဆုံးစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း ယူကေကျန်းမာရေးဝန်ဆောင်မှုက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ဘရစ္စတိုလ်တက္ကသိုလ်က NHS ၊ ကိမ်းဘရစ်ချ်တက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး ဓာတ်ခွဲခန်းထုတ်ဆဲလ်များကို လူနှစ်ဦးထံပေးသွင်းခဲ့ရာ အခုအချိန်ထိ ဘေးထွက်ဆိုးကျိုးမတွေ့ရကြောင်း ဆိုပါတယ်။
"ပင်မစတမ်းဆဲလ်ကနေ သွေးထုတ်လုပ်နိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်၊ မျိုးဗီဇမတူတဲ့ သွေးအလှူရှင်ဆီကနေ ဓာတ်ခွဲခန်းထုတ်သွေးဖန်တီးပြီးတော့ သွေးသွင်းကြည့်တာဟာ ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး ဆဲလ်တွေ ဘယ်လောက်လုပ်ဆောင်နိုင်လဲဆိုတာကို သိရဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်" လို့ ဘရစ္စတိုလ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'အက်ရှ်လေတွိုင်း'က ရေးသားခဲ့ပါတယ်။
သွေးအလှူရှင်များထံမှ ပင်မစတမ်းဆဲလ်များဖြင့် သွေးနီဥများထုတ်လုပ်ကာ သွေးသွင်းခြင်းကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။
ပုံမှန်သွေးသွင်းဖို့လိုအပ်ပြီး သွေးရောဂါလူနာရှင်များနဲ့ ရှားပါးသွေးအမျိုးအစားပိုင်ရှင်များအတွက် သွေးသွင်းဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
"ပုံမှန်သွေးသွင်းရတဲ့လူတွေက အချို့သွေးအမျိုးအစားအနည်းစုမှာ ပဋိပစ္စည်းများထွက်ရှိပြီးတော့ သွေးအလှူရှင်ရှာရတာ ခက်ခဲစေပါတယ်၊ အခုစမ်းသပ်မှုကတော့ ဒီလိုပြဿနာရှိတဲ့လူတွေမှာ ဓာတ်ခွဲခန်းထုတ်သွေးနီဥတွေကို ဘေးကင်းစိတ်ချစွာ သွေးသွင်းနိုင်တော့မှာဖြစ်ပါတယ်" လို့ NHS သွေးသွင်းဌာနမှ ဒေါက်တာ'ဖာရုရှာ'က ပြောကြားလိုက်ပါတယ်။
ဓာတ်ခွဲခန်းထုတ်သွေးနီဥဆဲလ်တွေကို အသုံးပြုမယ့်အကြံအစည်ကို ကုမ္ပဏီအနည်းစုကတော့ တကယ်လက်တွေ့ဖန်တီးနေကြပါသေးတယ်။
တစ်ကမ္ဘာလုံးမှာ သွေးလိုအပ်ချက်ကြောင့် သေဆုံးသူနှစ်စဉ်နှစ်တိုင်း လူသန်းနဲ့ချီပြီး သေဆုံးနေကြရပါတယ်။
သွေးသွင်းဖို့ နည်းလမ်းဖော်ထုတ်ခြင်းဖြင့် ဒီပြဿနာကို ပြောင်းလဲနိုင်ချေရှိနေပါတယ်။
အခုအချိန်မှာ လူ ၂ ယောက်မှာသာ စမ်းသပ်ထားပေမယ့် နောက်ထပ်စမ်းသပ်မယ့်လူတွေ ခေါ်ယူဦးမှာဖြစ်ပါတယ်။
ဓာတ်ခွဲခန်းထုတ်သွေးနီဥတွေက အလှူရှင်ဆီကရတဲ့ သွေးတွေထက်ကြာကြာခံနိုင်ဖို့ မျှော်လင့်နေကြောင်း၊ စမ်းသပ်မှုသာ အောင်မြင်ခဲ့ရင် ကာလကြာရှည်စွာ သွေးသွင်းသွားရမယ့် လူနာတွေအနေနဲ့ အနည်းငယ်သာ သွေးသွင်းဖို့လိုအပ်တော့မှာဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဆက်ဒရစ်ဂီဗတ်'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 10 November 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက် ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) နှင့် (၃)တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်မျာကို ဆွေးနွေးပွဲတက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 November 2022
Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင်ကျင်းပပြုလုပ်တဲ့ Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Naypyitaw State Academy ကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ ဖွဲ့စည်းထားရှိ သည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံးထားပြီး မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာ မဟာဌာနများ ပါဝင်ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ထို့ပြင်ဘွဲ့လွန် တန်းများ ဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Naypyitaw State Academy ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက်လိုအပ်တဲ့ ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယခုနှစ်ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကိုပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကာ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့်လည်း အဆင့်မြင့် ပညာများကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 November 2022
ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီစေရန် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှု၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးစီမံချက်ရေးဆွဲပြီး ပို့ဆောင်ရေးနည်းများတွင် ကာဗွန်လျှော့ချရေးဆောင်ရွက်နေကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး အစီအစဉ်အရ ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံ ကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းလမ်းညွှန်ချမှတ်ရေးတို့ကို ဆွေးနွေးကြပါတယ်။
ကာဗွန်ဓါတ်ငွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အတွက် “မှတ်ပုံတင်သက်တမ်းကြာမြင့်ယာဉ်များဖျက်သိမ်းရေးနှင့် အစားထိုးယာဉ်တင်သွင်း ရေးစီမံချက်” ကို ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလတွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်အသုံးပြု ပြေးဆွဲရန်လိုအပ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင်ဝန်ကြီးက ရေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် ကမ်းရိုးတန်းသွားရေယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အစိမ်းရောင်သင်္ဘောမဟာဗျူဟာနှင့် ပြည်တွင်း ရေကြောင်းသွားရေယာဉ်များ၏ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ကွန်ဗင်းရှင်းပါ စံညွှန်းများနှင့်အညီ ကာဗွန်လျှော့ချရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက်နေမှုများနှင့် အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာရေးဆွဲချမှတ်ရန်လိုအပ်မှု၊ မဟာဗျူဟာရေးဆွဲရေးအပေါ် ကဏ္ဍအလိုက် တာဝန်ပေးအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု အချက်အလက်များ စုဆောင်းအကဲဖြတ်မှုများတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်မှုများကို အကြံပြုခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 10 November 2022
မီးခြစ်ဆံထက် ပိုမိုပါးလွှာတဲ့ လေဆာကုထုံးဖြင့် အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါထောင်မတ်ခြင်းကို ထိခိုက်မှုမရှိစေဘဲ ဆီးကျိတ်ကြီးထွားလာခြင်းကို ထိရောက်စွာ ကုသပေးနိုင်ဖွယ်ရှိနေပါတယ်။
အက်ခိုးလေဆာ(EchoLaser)ကို အာထရာဆောင်းဖြင့် နေရာချပြီး အနီးနားက ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို ထိခိုက်ခြင်းမရှိဘဲ ပိုနေတဲ့ဆီးကျိတ်တစ်ရှူးတွေကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
အဆိုပါကုသနည်းကို ထုံဆေးပေးပြီး မိနစ် ၃၀ အတွင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အသက် ၅၀ ကျော်လူကြီးတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကြီးခြင်းလက္ခဏာကို ကုသဖို့နည်းလမ်းအသစ်တစ်ခုလည်း ဖြစ်ပါတယ်။
ဆီးကျိတ်ဆိုတာက သစ်ကြားသီးအရွယ်အစားခန့်ရှိကာ ဆီးအိမ်အောက်ဘက်မှာတည်ရှိပြီး ဆီးလမ်းကြောင်းကို ဖုံးပတ်ထားတာဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်အရွယ်အစားကြီးလာကာ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ဖိမိပြီးတော့ ဆီးစထွက်ဖို့ခက်ခဲခြင်း၊ ဆီးကုန်ဖို့ခက်ခဲခြင်းတို့ဖြစ်လာကာ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေပါတယ်။
ကုသမှုအနေနဲ့ အရက်သေစာနဲ့ ကဖင်းဓာတ်လျှော့သောက်ခြင်းတို့ဖြင့် နေထိုင်မှုပုံစံပြောင်းလဲနိုင်ပါတယ်။
ဆီးကျိတ်နဲ့ ဆီးအိမ်တဝိုက်ရှိ ကြွက်သားများပြေလျော့စေတဲ့ ဆေးဝါးကုသမှုဖြင့် မသက်သာဘူးဆိုပါက ခွဲစိတ်မှုပြုလုပ်ပြီး ပိုနေတဲ့ဆီးကျိတ်တစ်ရှူးတွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။
ဒီအတွက် ဆီးလမ်းကြောင်းကနေ ဆီးကျိတ်ခွဲတဲ့နည်းလမ်းက စံသတ်မှတ်ချက်ဖြစ်ပေမယ့် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။
သုတ်ရည်တွေ နောက်ပြန်ရောက်ပြီး မြုံတဲ့အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။
EchoLaser ကတော့ ဘေးအန္တရာယ်နည်းတဲ့ နည်းလမ်းဖြစ်လာနိုင်ပါတယ်။
ဆံခြည်မျှင်ခန့်သာရှိတဲ့ လေဆာကို အပ်လေးထဲမှာထည့်ထားပြီး အပ်ကတော့ ၁ မီလီမီတာရဲ့ ၃ ပုံ ၁ ပုံမျှသာရှိပါတယ်။
အပူပေးလိုက်တဲ့အခါ လေဆာရောင်ခြည်ထွက်လာပြီး မလိုအပ်တဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
အမျိုးသား ၃၈ ယောက်မှာ သုတေသနပြုလုပ်ခဲ့ပြီးတော့ ထိရောက်ဘေးကင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။
လူနာအားလုံး ၈ နာရီအတွင်းမှာပင် ဆေးရုံဆင်းနိုင်ပြီး နောက်ပိုင်းတွင်လည်း ဆေးဝါး ဆက်လက်သုံးစွဲစရာ မလိုတော့ကြောင်း ဖော်ပြထားပါတယ်။
ပုံမှန်ကုသပေးနေတဲ့နည်းလမ်းထက်လည်း ဘေးအန္တရာယ်နည်းပါးတာကြောင့် EchoLaser က ထိရောက်တဲ့ကုသမှုဖြစ်လာပါလိမ့်မယ်လို့ ယူဆရပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_9 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနောက်မြောက်ဘက်(၁၇)မိုင် လောက် အကွာ နဘူးလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲ့ လုပ်ငန်းတွေအတွက် လက်ရှိမှာ မြေယာကိစ္စတွေကို ဆောင်ရွက်နေပါတယ်။
#Yangon_Media_Group
Page 1570 of 2055