#LocalNews
Published_25 June 2022
မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားမှ MOU လုပ်သားများ ထိုင်းနိုင်ငံသို့ ဇွန်လ ၂၄ ရက်တွင် ၃၈၀ ကျော်ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် မေမြတ်နိုးအေဂျင်စီမှ လုပ်သား ၂၀၀ ဦး၊ ယွန်းနဒီအေဂျင်စီမှ လုပ်သား ၅၀ ဦး၊ Myanmar The one man power အေဂျင်စီမှ လုပ်သား ၁၃၆ ဦးဖြစ်ပြီး မေမြတ်နိုး အေဂျင်စီမှ တာဝန်ယူထားသည့် အလုပ်သမားများမှာ ဘန်ကောက်ခရိုင်၊ ပါက်ကလစ်မြို့နယ်ရှိ နင်ဓံဆောက်လုပ်ရေးလုပ်ငန်းသို့လည်းကောင်း၊ Myanmar The one man power အေဂျင်စီမှ တာဝန်ယူထားသည့် အလုပ်သမားများမှာ ချွန်ဘူရီမြို့ရှိ လုပ်ငန်းခွင်သို့ လည်းကောင်း၊ ယွန်းနဒီအေဂျင်စီမှ တာဝန်ယူထားသည့် အလုပ်သမားများမှာ လက်ကဘန်မြို့ရှိ TKT Fiber ကားဘော်ဒီစက်ရုံသို့လည်းကောင်း အသီးသီးသွားရောက်လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလကစ၍ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများ သွားရောက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်သွားရောက်သည့် အလုပ်သမား ၄၀၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 24 June 2022
မြန်မာသင်္ဘောသားများအတွက် သင်္ဘောတက်ရမည့် ရက်မတိုင်မီပတ်စ်ပို့ရရှိရန် အရေးကြီးသည်ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်(MSF)ဥက္ကဌ ဦးစိုးမင်းအောင်ကပြောသည်၊၊
လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ဘိုကင်တင်ကာ ပတ်စ်ပို့ပြုလုပ်၊ သက်တမ်းတိုးခြင်းများဆောင်ရွက်ရပြီး နေ့အလိုက်သတ်မှတ်ဦးရေအတိုင်း အစဥ်လိုက်ဆောင်ရွက်ပေးလျက်ရှိသည်၊၊
ယင်းကဲ့သို့ဆောင်ရွက်ပေးရာတွင် မြန်မာသင်္ဘောသားများ သင်္ဘောတက်ရမည့်ရက်အထိ ပတ်စ်ပို့မရဘဲ နောက်ကျခြင်းများ မကြုံရအောင်သက်ဆိုင်ရာက ဆောင်ရွက်ပေးစေလိုသည်ဟုဆိုသည်၊၊
"မြန်မာသင်္ဘောသားများသည် သင်္ဘောသား အလုပ်အကိုင်များရရဲ့သားနှင့် သင်္ဘောတက်ရမည့်ရက်အထိ ပတ်စ်ပို့တွေမရတာ၊ သက်တမ်းတိုးလို့မရတာတွေဖြစ်ရင် သင်္ဘောသားတွေအတွက်နစ်နာစေသလို နိုင်ငံအတွက်လည်းနစ်နာစေပါတယ်၊၊ သင်္ဘောသားတွေဟာ သူရက်သတ်မှတ်ထားတဲ့ရက်မှာ သွားရမှာဖြစ်တဲ့အတွက် အဲဒီ့ရက်မတိုင်မီမှာ ပတ်စ်ပို့တွေရဖို့လိုပါတယ်၊၊
ကျွန်တော်တို့က တစ်ယောက်တည်း အတွက်ပြောနေတာမဟုတ်ဘူး ရာဂဏာန်းလောက်ရှိရင်လည်းရှိနေမှာပေါ့ ပတ်စ်ပို့ရတာ နောက်ကျတဲ့ကိစ္စတွေက၊၊ အားလုံးစုစုစည်းစည်းနဲ့ သက်ဆိုင်ရာဌာနတွေကလည်း ဒါလေးကိုကြည့်ပေးမယ်၊၊ သင်္ဘောသားဘက်ကလည်း ပြည့်ပြည့်စုံစုံလုပ်ပေးမယ်ဆိုရင် ပြေလည်သွားမယ်လို့ယူဆပါတယ်"လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် MSF ဥက္ကဌ ဦးစိုးမင်းအောင်ကပြောသည်၊၊
မြန်မာနိုင်ငံတွင် သင်္ဘောသားမှတ်ပုံတင်ထားသူ (၁)သိန်းကျော်ရှိပြီး သင်္ဘောသားအလုပ်အကိုင်လုပ်ကိုင်နေသူ သောင်းချီရှိနေသည့်အတွက် သင်္ဘောတက်နိုင်ရန်အချိန်မီ ပတ်စ်ပို့အချိန်မီရရှိရန် သက်ဆိုင်ရာဌာနများ၊ သင်္ဘောသားများ အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 25 June 2022
ပြည်တွင်း၌ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အခက်အခဲများစွာရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲမှု ရပ်နားမည်မဟုတ်ကြောင်း မြတ်မန္တာလာထွန်းအဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်းမှ သိရသည်။
"အခက်အခဲကတော့ ရှိတာပေါ့။ ကားထွက်တာနဲ့ ဆီဆိုင်မှာဆီထည့်တာနဲ့ ငွေကုန်ကြေးကျက များနေတယ်။ မနားအောင်တော့လုပ်နေရတာပေါ့။ ဆီဈေးဒီထက်မက တက်လာရင်တော့ တစ်ချက်ပြန်ပြီးဆွေးနွေးရမှာပေါ့။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ ခရီးသည်တွေသွားလာရေးအဆင်ပြေအောင် ပြေးဆွဲပေးသွားမှာပါ။ ရပ်နားဖို့မရှိပါဘူး"ဟု မြတ်မန္တာလာထွန်းအဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နားခဲ့ရပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများ၊ လုံခြုံမှုမရှိသည့် အခြေအနေများ စသည်တို့နှင့် ရင်ဆိုင်နေရချိန် စက်သုံးဆီဈေးမှာလည်း ၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းမှစ၍ မြင့်တက်လာရာ လက်ရှိ တစ်လီတာ ကျပ် ၂၃၀၀ ဝန်းကျင်မှ ကျပ်၂၅၀၀ နီးပါးအထိ ဒေသအလိုက် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် အခြားသောနာမည်ကြီးယာဉ်လိုင်းအချို့မှာ ခရီးသည်စီးနင်းမှုနည်းပါးလာသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများနှင့် တွဲဖက်ပြေးဆွဲပေးနေကြောင်း သိရသည်။
"အခက်အခဲက အများကြီးရှိတာပေါ့။ ဆီဈေးကတောက်လျှောက်တက်ပေမဲ့ ကားခက တက်လို့မရဘူး။ ဒီထက်ပိုတက်လာရင်တော့ ဈေးတက်သင့်ရင်တက်ရမှာပေါ့။ အဲဒါကလည်း အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ရအုံးမှာပါ။ လောလောဆယ်ခရီးသည်တွေ အဆင်ပြေအောင်သွားပေးနေတယ်။ ရပ်ဖို့တော့မရှိဘူး"ဟု တော်ဝင်အဆင့်မြင့်ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 25 June 2022
၁။ ညောင်ဦးမြို့နယ်တွင် မြွေများဖမ်းဆီးပေးနေရမှုများနေ
၂။ စစ်တွေမြို့၏ ပထမဆုံး ခေတ်မီဈေးဝယ်စင်တာပါ Shop House အချို့ဖွင့်လှစ်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ (၁၄)ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးပွဲအား တရုတ်နိုင်ငံမှ ဦးဆောင်ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 24 June 2022
'အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့'နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရုံးခန်းဖွင့်ပွဲကို ဇွန်လ(၂၅)ရက်တွင် ကျောက်တံတားမြို့နယ်ရှိ MSF အသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်၊၊
ဇွန်လ(၂၅)ရက်သည် အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့ဖြစ်သောကြောင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်MSFက ကြီးမှူးပြီး 'အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့' ကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်၊၊
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် MSF အသင်းချုပ်ဥက္ကဌ ကပ္ပတိန်ဦးစိုးမင်းအောင်က"ဇွန်လ(၂၅)ရက်ဟာအပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ ဖြစ်တယ်၊၊ ဒါကြောင့်မို့လို့ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့ အခမ်းအနားကျင်းပတာဖြစ်ပါတယ်၊၊ အဲဒီ့အခမ်းအနားနဲ့အတူ အသစ်ပြန်လည်ပြုပြင်ခဲ့တဲ့ ကျောက်တံတားမြို့နယ်၊(၃၇)လမ်းရှိ MSF အသင်းချုပ်ရုံးခန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်၊၊ ဒီ MSF အသင်းချုပ်ရုံးခန်းကို အချိန်လေးလယူကာ သိန်း၁၃၀၀/၁၄၀၀ခန့် ကုန်ကျခံပြီး ပြင်ဆင်ခဲ့ပါတယ် "ဟု ပြောသည်၊၊
MSF အသင်းချုပ်ရုံးခန်းသည် (၁၉၀၆)ခုနှစ်ကတည် ဆောက်ထားပြီး ရေငွေ့ရိုက်ခြင်း၊ မှိုတက်ခြင်း၊ မိလ္လာစနစ်မကောင်းမွန်ခြင်းကြောင့် အကြီးစားပြုပြင်ရန် လိုအပ်၍ ပြုပြင်လိုက်ရခြင်းဖြစ်သည်၊၊ ယခုချိန်တွင် ရုံးခန်းအောက်ထပ်၌လူ(၁၀၀)၊ ထပ်ခိုးတွင် လူ(၁၀၀) စုစုပေါင်းလူ(၂၀၀) ဆံ့သွားပြီဖြစ်ပြီး အမှုဆောင်အစည်းအဝေးများ၊ သင်္ဘောသားဆိုင်ရာ ဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးမင်းအောင်ထံမှ သိရသည်၊၊
ဇွန်လ(၂၅)ရက်တွင် ကျင်းပပြုလုပ်သည့် 'အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့'နှင့် MSF ရုံးခန်းဖွင့်ပွဲတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်ဖွင့်ခြင်း၊ ကော့သောင်းကမ်းလွန် လူလဲလှယ်ခြင်းလုပ်ငန်းစဥ်အတွက် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ်ထုတ်ပေးခြင်းအတွက် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊ အမှုဆောင်များ၊ လုပ်အားပေးဝန်းရံသူများနှင့် ရုံးဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_25 June 2022
ပြန်ပေးသမားများထံမှ လွတ်လာသော ဆရာနှင့်ဆရာမတို့နှစ်ဦးအား မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရိပ်သာတွင် ဆက်လက်ထားရှိကြောင်း ဒေသခံများက ပြောသည်။
ပြန်ပေးဆွဲခံရသည့် ဆရာနှင့် ဆရာမတို့နှစ်ဦး ပြန်လည်လွတ်မြောက်ရန် ပြန်ပေးဆွဲအဖွဲ့တောင်းခံထားသည့် ဘင်္ဂလားဒေ့ရှ်ငွေ ကာတာ သိန်း ၅၀ နှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ကယ်တင်နိုင်ရေးဆောင်ရွက်နေသည့်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဇွန်လ ၂၂ ရက်က အားလုံးလွှဲပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး၌ လွှတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထပ်မံခေါ်ယူသွားကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းပေးကြောင်းသိရသည်။
ယင်းသို့ ထိန်းသိမ်းထားခြင်းမှာ ပြန်ပေးဆွဲခံရသည့် ဆရာနှင့် ဆရာမတို့ ပြန်လည်လွတ်မြောက်ရေးအတွက်ပေးရသည့် ငွေကြေးကိစ္စများ၊ ယင်းတို့၏လုံခြုံရေးကိစ္စများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသော်လည်း မည်သည့်အကြောင်းကြောင့် နေအိမ်သို့ ပြန်မလွှတ်ဘဲ ရိပ်သာ၌ထားရှိသည်ကိုမူ တိတိကျကျ မသိရသေးပေ။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 25 June 2022
ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံကို ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်ပခရီးသွားဧည့်သည်များ၊ ရှေးဟောင်းအမွေအနှစ်ပြတိုက်တစ်ခုအဖြစ်လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးပြီး စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်းဇာတ်ကားများပြသခြင်း၊ရုပ်သေးပွဲများ ပြသခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့်ပြခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့် တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်တမ်ရင့် ဝဇီရာရုပ်ရှင်ရုံကို ရှေးလက်ရာမပျက် ပြန်လည်ထိန်းသိမ်းပြီး ရန်ကုန်မြို့တွင် ကပြဖျော်ဖြေနိုင်မည့် ခေတ်သစ်ပြဇာတ်ရုံနှင့် ရုပ်ရှင်ရုံအဖြစ်အသွင်ပြောင်းလဲရန် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)နှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံးတို့မှ ပူးပေါင်းအဆိုပြု တင်ပြခဲ့ဖူးကြောင်း သိရသည်။
၁၉၆၈ ခုနှစ်တွင် ရုပ်ရှင်လုပ်ငန်းမှာ ပြည်သူပိုင်ဖြစ်လာပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်တွင် ဝဇီရာရုပ်ရှင်ရုံသည် ပြဇာတ်ရုံဖြစ်လာခဲ့ပြီး ဗိုလ်ကလေးတင့်အောင်၊ ဒဂုံတင်ဝင်းနှင့် ဂီတလုလင်မောင်ကိုကိုတို့ကဲ့သို့ နာမည်ကျော်စာရေးဆရာ၊ ဒါရိုက်တာများ၏ ပြဇာတ်များကို ကပြဖျော်ဖြေရာနေရာဖြစ်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 25 June 2022
လန်ဒန်မြို့မှာ ပုံမှန်ရေဆိုးမြောင်းစမ်းသပ်မှုပြုလုပ်ရာ ပိုလီယိုဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီးနောက် ပြည်သူများအနေနဲ့ ပိုလီယိုကာကွယ်ဆေးများထိုးနှံထားဖို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းလိုက်ပါတယ်။
ယူကေမှာ ပိုလီယိုရောဂါနောက်ဆုံးဖြစ်ပွားခဲ့တာဟာ ၁၉၈၄ ခုနှစ်ကဖြစ်ပြီး အခုနှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပထမဆုံးဗိုင်းရပ်စ်တွေ့ရှိ လာတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလနဲ့ ဧပြီလတွေမှာ လန်ဒန်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့က ရေဆိုးမြောင်းတွေမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီး လူတွေအကြားကူးစက်နေလောက်ပြီလို့ ယူဆရကြောင်း ယူကေကျန်းမာရေးနဲ့ လုံခြုံရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့က ဖော်ထုတ်ခဲ့ကြပါတယ်။
အခုအချိန်ထိတော့ ကူးစက်ခံရသူမတွေ့ရသေးကြောင်း ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
ပိုလီယိုရောဂါက ကူးစက်ခံရသူကလေးတွေရဲ့ ၁ ရာခိုင်နှုန်းအောက်မှာ အကြောသေခြင်းမျိုးဖြစ်တတ်ပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားတာကြောင့် ကူးစက်နိုင်ချေနည်းပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးမထိုးလိုက်ရသူတွေ အနေနဲ့ ကာကွယ်ဆေးထိုးထားဖို့ အကြံပြုလိုက်ပါတယ်။
"ယူကေမှလူဦးရေအများစုက ကလေးဘဝကတည်းက ကာကွယ်ဆေးထိုးထားပေမယ့် မထိုးရသေးတဲ့ လူအနည်းစုကတော့ ကူးစက်နိုင်ချေရှိနေပါသေးတယ်"လို့ ကူးစက်ရောဂါပညာရှင်အကြံပေး'ဗနီဆာဆာလီဘာ'က ထုတ်ပြန်ထားပါတယ်။
လန်ဒန်ရှိ အမျိုးသားကျန်းမာရေးအဖွဲ့မှ သူနာပြုချုပ်'ဂျိန်းကလက်ဂ်'က မြို့ထဲက လူအများစုဟာ ပိုလီယိုကာကွယ်ဆေးထိုးထားပြီဖြစ်ပြီး နောက်ထပ်ထိုးစရာမလိုပေမယ့် အသက် ၅ နှစ်အောက် ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေရဲ့ မိဘတွေကို ဆက်သွယ်စုံစမ်းသွားမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။
ပိုလီယိုရောဂါဟာ မသန်မစွမ်းဖြစ်စေပြီး အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။
မစင်ကနေတဆင့် လူလူချင်းကူးစက်တတ်ပြီး ကုသနည်းမရှိဘဲ ကာကွယ်ဆေးထိုးဖို့သာနည်းလမ်းရှိကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ဖော်ပြထားပါတယ်။
Source: USA Today
#Yangon_Media_Group
Published 25 June 2022
စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ နိုက်ကလပ်တစ်ခုနဲ့ အနီးနားရှိလမ်းတွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။
သံသယရှိသူဟာ တစ်ဦးတည်းပြစ်မှုကျူးလွန်ခဲ့တယ်လို့ယူဆရကြောင်း ရဲတွေကသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်နဲ့ အနီးနားရှိကလပ်တစ်ခုကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် အနီးနားရှိလမ်းပေါ်မှာ သံသယရှိသူကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'တိုးဘာစတက်'က Aftenposten သတင်းစာကိုပြောကြားခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်ဟာ အော်စလိုမြို့လယ်မှာရှိပြီး ဂေးတွေလာရောက်တတ်တဲ့ နာမည်ကျော်ဘားနဲ့နိုက်ကလပ်နေရာဖြစ်ပါတယ်။
NRK ရုပ်သံမှဂျာနယ်လစ်'အိုလက်ဗ်ရိုအန်ဘာ့ဂ်'က "လူတစ်ယောက်က အိတ်တစ်အိတ်လွယ်လာပြီး သေနတ်တစ်လက်ထုတ်ကာ စတင်ပစ်ခတ်တာကို မြင်တွေ့ခဲ့ရပါတယ်" လို့ တင်ပြထားပါတယ်။
တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စနေနေ့နောက်ပိုင်းကျရင် အော်စလိုမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်တူချစ်သူများပွဲတော်ကို ကျင်းပဖို့စီစဉ်ထားပါတယ်။
လူ ၂ ဦးသေဆုံးကာ ၁၄ ဦးကဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံတင်ထားရတယ်လို့ အော်စလိုရဲတပ်ဖွဲ့က တွစ်တာမှာဖော်ပြထားပါတယ်။
VG သတင်းစာ၊ NRK ရုပ်သံနဲ့ အခြားမီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာတော့ လန်ဒန်အရက်ဆိုင်အပြင်ဘက်မှာ ရဲတွေ၊ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ အရေးပေါ်တာဝန်ရှိသူများစုရုံးနေကြတာကို မြင်တွေ့ရပါတယ်။
အော်စလိုမြို့လယ်ပေါ်ကနေ ရဟတ်ယာဉ်များပျံဝဲနေပြီး လူနာတင်ယာဉ်များနဲ့ ရဲကားဥဩသံတွေ မြို့တလျှောက်ကြားနေရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အော်စလိုတက္ကသိုလ်ဆေးရုံက အနီရောင်အဆင့်ထုတ်ပြန်ကြေညာထားပါတယ်။
Source: Reuters
#LocalNews
Published _ 25 June 2022
နေရေးအခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာ စီမံကိန်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေကို ပြည်ထောင်စုဘဏ္ဍာငွေမှ ထပ်မံတင်ပြတောင်းခံရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှရရှိသော ဘဏ္ဍာငွေကို မြို့အလိုက်စီမံကိန်းပြီးစီးမှုအရ ခွဲဝေပေးချေခွင့်ပြုရန် တောင်းခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"ပြည်သူအဌားအိမ်ရာ အခန်း(၁၀၀၀၀) စီမံကိန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ တိုက် (၃၁၃)လုံး၊ အခန်းပေါင်း (၅၀၀၈)ခန်းကို နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြိုတော်တို့မှာ ပြီးစီးအောင် ဆက်လက် ဆောက်လုပ်ဖိုနဲ့ စီမံကိန်းအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်ထံ ၂၀၂၂-၂၀၂၃ ပြည် ထောင်စုဘဏ္ဍာငွေမှ ထပ်မံတင်ပြတောင်းခံဖို၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှရရှိတဲ့ ဘဏ္ဍာငွေကို မြို့အလိုက်စီမံကိန်းပြီးစီးမှုအရ ခွဲဝေပေးချေခွင့်ပြုရန်၊ ရန်ကုန်မြို့မှာ MCEF နဲ့ MLCA အသင်းချုပ်တွေက စီမံကိန်းတည်ဆောက်နေတာဖြစ်ပြီး Infrastructure လုပ်ငန်းတွေကို ဆက်လက်ဆောက်ရွက်ခွင့်ပြုဖို့အပြင် မန္တလေးမြို့မှာ စီမံကိန်းအား MDA အသင်းကတည်ဆောက်နေတာဖြစ်တဲ့အတွက် စီမံကိန်း Infrastructure လုပ်ငန်းတွေကို MDA အသင်းအား ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ အလွယ်တကူဝယ်ယူလို့ မရတာကြောင့် စာချုပ်သက်တမ်းကိုလည်း ဒုတိယအကြိမ် နေပြည်တော်မှာ (၁)လ၊ ရန်ကုန်မှာ (၉)လနဲ့ မန္တလေးမြို့မှာ (၃)လအထိ တိုးမြှင့်ပေးဖို့၊ မန္တလေးမြို့က စီမံကိန်း အခြေခံအဆောက်အုံများ၊ ဆောက်လုပ်ပြီးစီးထားပြီး လွှဲပြောင်းဖို့ ကျန်တဲ့မြေဧရိယာ (၇၆.၃၉)ဧကကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးဖို့၊ ရန်ကုန်မြို့စီမံကိန်းဧရိယာမှာ Public Transportation အတွက် YRTC ထံ မြေနေရာ(၅)ဧက သတ်မှတ်ချထားပေးနိုင်ရဖို့နဲ့ Supermarket လုပ်ငန်းကို နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ဖို့တွေ လုပ်သွားမယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှ ပြောကြားသည်။
ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁၀၀၀၀) စီမံကိန်းပထမဆင့်အဖြစ် နေပြည်တော်တွင် တိုက်(၂၈)လုံး၊ အခန်း (၄၄၈)ခန်း၊ ရန်ကုန်မြို့တွင် တိုက် (၁၉၄) လုံး၊ အခန်း (၃၁၀၄)ခန်း၊ မန္တလေးမြို့တွင် တိုက် (၉၁)လုံး၊ အခန်း (၁၄၅၆)ခန်း၊ စုစုပေါင်း တိုက် (၃၁၃)လုံး၊ အခန်း (၅၀၀၈) ခန်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့အထိ နေပြည်တော်တွင် အဆောက်အဦလုပ်ငန်း ၉၄ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တွင် အဆောက်အဦလုပ်ငန်း ၅၆ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၃၄ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် အဆောက်အဦလုပ်ငန်း ၈၈ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၈၈ ရာခိုင်နှုန်း အသီးသီးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 25 June 2022
နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာနှစ်လစာ အတိုးမဲ့ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းအား ယာယီဆိုင်းငံ့ထားရာမှ ယခုအခါ မပျက်မကွက် ပြန်လည်ပေးဆပ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာနှစ်လစာ အတိုးမဲ့ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ကောက်ခံခဲ့ရာ ကိုဗစ်-၁၉ ရောဂါသက်ရောက်မှုများနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု အခြေအနေများကြောင့် ၂၀၂၂ ခုနှစ် ၊ မတ်လမှစ၍ သုံးလယာယီဆိုင်းငံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လစာနှစ်လစာ အတိုးမဲ့ချေးငွေများ ပြန်လည်ကောက်ခံရာတွင် နိုင်ငံ့ဝန်ထမ်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် လစဉ်ပြန်လည်ပေးဆပ်မှု ပမာဏကို သက်သာစေရန် အရစ်ကျ ပြန်ဆပ်ကာလ တစ်နှစ် အစား ၂ နှစ် ၆ လ (၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ) တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 25 June 2022
တောင်သူများထံမှ အရည်အသွေးအလိုက် နစ်နာမှုမရှိနိုင်သည့် ခြံဖြတ်ပုံစံမျိုးဖြင့် ဝယ်ယူပြီးတရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သိရသည်။
ယင်းသို့ ဝယ်ယူရာတွင် ကုန်သည်များသည် တောင်သူများ၏ သရက်ခြံတွင် တိုက်ရိုက်ပေါက်စျေးဖြတ်ဝယ်ပေးသွားမည်ဖြစ်ပြီး ခြံဖြတ်ဝယ်ယူလာသည့် သရက်သီးများကို မူဆယ်နယ်စပ်ရှိ ပွဲရုံများသို့ ချိန်ဆတင်ပို့မည်ဖြစ်ကြောင်း သိရသည်။
စိန်တလုံးသရက်သီးများကို ယခုနှစ် ဧပြီ ၃၀ ရက်တွင် ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် ဝမ်တိန်သို့ တရုတ်ကားရှန်တိန် စနစ်ဖြင့် တင်ပိုခဲ့ပြီး ကိုဗစ်ရောဂါကာကွယ် ဆေးဖြန်းရာတွင် ဆေးပမာဏ များပြားသွားသဖြင့် အသီးအရည်အသွေးများ ကျဆင်းခဲ့ရာ တရုတ်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး အဆင်ပြေမှုများ ရရှိသွားခြင်းကြောင့် လက်ရှိအသီးတင်ပို့ရာတွင် ရောဂါပိုးစစ်ဆေးမှုများ၊ အကောက်ခွန်ဆိုင်ရာ ရှင်းလင်းခြင်းများ၊ တရုတ်ကားချိန်းပြောင်းသည့် ကုန်ကျစရိတ်များ သက်သာစေရုံသာမက အချိန်အားဖြင့် သုံးရက်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သရက်သီးများ တင်ပို့ရာတွင် ကိုဗစ်ဆိုင်ရာ စစ်ဆေးမှုအခက်အခဲများကို ညှိနှိုင်းလျှော့ချထားခြင်းကြောင့် သရက်သီးကားများ တင်ပို့ရာတွင် မူဆယ်ထိကြန့်ကြာမှု မရှိတော့သည့်အပြင် တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင်လည်း ပို့ကုန်ဆိုင်ရာအခွန်နှင့် ကားခ၊ ပွဲခများထည့်သွင်းတွက်ချက်ရန် မလိုတော့ကြောင်း သိရသည်။
ယခုနှစ် သရက်သီး ပေါက်ဈေးသည် အရည်အသွေး အလိုက် ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၈၀ မှ ၁၁၀ ခန့်ဈေးရရှိပြီး လက်ရှိ တရုတ်သို့တင်ပို့နေသည့် စိန်တလုံးသရက် ၁၆ ကီလိုတစ်ခြင်းလျှင် တရုတ်ယွမ်ငွေပေါက်ဈေးအရ မြန်မာငွေကျပ်သုံးသောင်းကျော် ရရှိကြောင်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
Page 1565 of 1802