#Local_News
Published _ 15 November 2022
ရဟတ်ယာဉ်အမှုများနှင့် ပတ်သက်၍ ဦးဝင်းမြင့်ကို ယနေ့နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။
"ဒီနေ့က ဦးဝင်းမြင့်ကိုပဲ စစ်သေးတယ်၊ အမှု အမှတ် ၄၆ ကို စပြီးတော့ စစ်တာပေါ့။ ၅မှုလုံးကို စစ်ရမှာလေ၊ အစဉ်လိုက်စစ်ရမှာဖြစ်လို့ ဦးဝင်းမြင့်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်မှာပါ"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၈ ရက်က နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် အစစ်ဆေးခံရန် အလှည့်ရောက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှု များမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_15 November 2022
မြန်မာနိုင်ငံကထွက်ရှိသည့် ပဲစဉ်းငုံနှင့် မတ်ပဲအပါအဝင် ပဲတီစိမ်းနှင့်အခြားပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရန် ကြိုးပမ်းနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြီးခဲ့သည့်ရကပိုင်းအတွင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ အိန္ဒိယနိုင်ငံစားသုံးသူရေးရာအဖွဲချုပ်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့ ပဲမျိုးစုံနှင့် လယ်ယာထွက်ကုန်တွေကို အိန္ဒိယမှ ပိုမိုဝယ်ယူပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် ကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေး သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် ပဲစင်းငုံနှင့်မတ်ပဲ ရောင်းဝယ်ရေး စာချုပ်တွင် ပဲတီစိမ်းနှင့် အခြားပဲအမျိုးအစားများပါထည့်သွင်းနိုင်ရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အဓိကသီးနှံတွေအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုမှာ ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
အဓိကစိုက်ပျိုးသည့် ပဲအမျိုးအစားများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲတွေကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်းအဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#World_News
Published 15 Nov 2022
တရုတ်မီဒီယာအုပ်စုက ထုတ်လုပ်တဲ့ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်လမ်းရုပ်ရှင်နှင့် “ ခရီးသစ်ပေါ်က တရုတ်ပြည်” သတင်းဇာတ်ကားတို့ကို အင်ဒိုနီးရှားနှင့် ထိုင်းဘာသာစကားများဖြင့် ဆက်လက်ထုတ်လုပ်ခဲ့တယ်လို့ CGTNက သတင်းရေးသားပါတယ်။
အဆိုပါ ဇာတ်ကားနှစ်ကား တရားဝင်ထုတ်လုပ်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် တနင်္လာနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပခဲ့ရာမှာ တရုတ်မီဒီယာအုပ်စုရဲ့ ဥက္ကဋ္ဌ ရှန် ဟိုင်းရှုန်းက အမှာစကားပြောကြားခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ကမ္ဘောဒီယား၊ အိန္ဒိယ၊လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာ၊တူရကီနှင့် အခြားနိုင်ငံတွေမှ မီဒီယာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအပေါ် ရှီရဲ့နက်ရှိုင်းစွာနားလည်မှုနှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုကို ဘယ်သို့စီမံအုပ်ချုပ်မည်ဆိုတဲ့ သူ့ရဲ့ ခံယူချက်အမြင်တွေကို ဖော်ကျူးထားတယ်လို့ဆိုပါတယ်။
“ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကတော့ တရုတ်နိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေနှင့် တကယ့်ဘဝဇာတ်လမ်းတွေနှင့် အတူယူစရာတွေကို ဖော်ကျူးထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။
အခမ်းအနာမှာ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားကို ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေပြသမယ်လို့ TVRI အင်ဒိုနီးရှား ဒုတိယဥက္ကဋ္ဌ အန်ဒီအက်စ်ရူဆန်နီ ဖာယူဆန်နှင့် ထိုင်းနိုင်ငံ နေရှင်းအုပ်စု စီမံခန့်ခွဲရေးအမှုဆောင် အဒီဆက်လင်ပါရန်ပက်တန်နာကစ်တို့က ရှန်နှင့်အတူကြေညာပါတယ်။ အဲဒီအပြင် “ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကိုလည်း ထိုင်း၊ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာနှင့် တူရကီနိုင်ငံတွေက အဓိကရုပ်သံလိုင်းတွေက ပြသသွားမယ်လို့လည်းကြေညာခဲ့ပါတယ်။

Source CGTN
#Classics_Quoted_by_Xi_Jinping
#China_on_a_New Journey
#Local_News
Published _ 15 November 2022
လက်ရှိ အတက်အကျမငြိမ်သည့် ဒေါ်လာဈေးကြောင့် အဆိုပါဈေးအပေါ်မူတည်၍ ဖြစ်ပေါ်နေသည့် ဖုန်းအသစ်ဈေးလည်း မြင့်တက်နေသည့်အတွက် တစ်ပတ်ရစ်ဖုန်း(second-hand) များသာ အဝယ်လိုက်လာ ကြောင်း (second- hand)ဖုန်း အရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။
"အခုလက်ရှိတော့ ဆိုင်မှာ တစ်ပတ်ရစ်က အရောင်းပိုဖြစ်နေပါတယ်။ ဆိုင်အနေနဲ့တော့ အဝယ်က သိပ်မရှိပါဘူး၊ ရံဖန်ရံခါပါပဲ" ဟု 21 Mobile ၏ တာဝန်ရှိသူက ဆိုသည်။
ဖုန်းအသစ်ဈေးများကို ဒေါ်လာငွေလဲနှုန်းပေါက်ဈေးဖြင့် ဝယ်ရသောကြောင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ဈေးအပြောင်း အလဲရှိနေသည့်အတွက် ဝယ်ယူသူများအနေဖြင့် ဈေးအနည်းငယ်ပိုသက်သာသည့် second hand ဖုန်းများကိုသာ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
"အခု ဖုန်းအသစ်ဈေးတွေက အရင်ထက်နှစ်ဆလောက်မြင့်နေတဲ့အတွက် ဖုန်းဝယ်မယ်ဆိုရင် သာမန်ဝန်ထမ်းတယောက်အနေနဲ့ second hand လောက်ပဲ ကိုင်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်နေတာပေါ့နော်၊ အဲ့တာကြောင့် ဖုန်းဝယ်ဖို့စဉ်းစားလိုက်ရင် အသစ်ထက် အဲ့ဒါကိုပိုဝယ်ဖို့ အားသန်နေပါတယ်" ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် မစောမြက ဆိုသည်။
တစ်ပတ်ရစ်ဖုန်း ဖုန်းအရောင်းအဝယ်ပြုလုပ်ကြရာ၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
Published 15 Nov 2022
☑️ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သူဟာ အင်္ဂါနေ့က ကိုဗစ်ကူးစက်ခံရလို့ ဘာလီမှာကျင်းပနေတဲ့ ဂျီ-၂၀ အစည်းအဝေးကနေ ပြန်သွားပြီလို့ ပြော
☑️သူဟာ ကမ္ဘောဒီးယားမှာ ဒီရက်မတိုင်ခင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကမ္ဘာ့ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် ထိပ်သီး အစည်းအဝေးတွေ လက်ခံကျင်းပပေးခဲ့
☑️သူဟာ တနင်္လာနေ့ညက စစ်ဆးကြည့်တဲ့အခါ ကိုဗစ်ပိုးတွေ့ခဲ့တဲ့အတွက် ဂျီ-၁၀ အစည်းအဝေးတွေနှင့် မကြာမီ ဘန်ကောက်မှာကျင်းပမယ့် APEC စီးပွားရေးဖိုရမ်တွေကို တက်ရောက်ဖို့အစီအစဉ်တွေ ဖျက်သိမ်းလိုက်တယ်လို့ ဖေ့စ်ဘုတ်ခ်မှာ သူကရေးတင်
☑️သူနှင့်အနီးကပ်ထိတွေ့ခဲ့တဲ့ ဂျိုးဘိုင်ဒင်ကတော့ အင်္ဂါနေ့ စစ်ဆေးရာမှာ ကိုဗစ်ပိုးမရှိဘူးလို့ အိမ်ဖြူတော်ကပြော
☑️သူတို့ခေါင်းဆောင်နှစ်ဦဟာ စနေနေ့က အချိန်အတိုင်းအတာတစ်ခုအထိ အတူရှိနေခဲ့ကြတာဖြစ်ပြီး တနင်္ဂနွေနေ့ ပူးတွဲအစည်းအဝေးမှာတော့ အတူထိုင်နေခဲ့ကြခြင်းမရှိ
☑️အိမ်ရှင်နိုင်ငံလုပ်ခဲ့တဲ့အတွက် ဟွန်ဆန်ဟာ ထိပ်ဆုံးခေါင်းဆောင်အားလုံးနီးပါးနှင့် ထိတွေ့ဆက်ဆံမှုတွေရှိခဲ့တာဖြစ်
☑️တနင်္ဂနွေနေ့မှာ သူဟာနယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်၊ဩစတြေးလျဝန်ကြီးချုပ်အန်သိုနီအယ်ဘန်နီးစ်တို့နှင့် တွေ့ဆုံခဲ့၊ အင်္ဂါနေ့ ဆေးစစ်ရာမှာ အာဒန်မှာ ကိုဗစ်ပိုးမရှိဘူးလို့ ဩစတြေလျကပြော
☑️ဟွန်ဆန်ဟာ ဂျီ-၂၀ အိမ်ရှင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း တနင်္ဂနွေနေ့က အာဆီယံ ဥက္ကဋ္ဌတာဝန်အလွှဲအပြောင်းမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြ
☑️ဘယ်လိုလုပ်ပြီးကူးစက်လာမှန်းမသိပါဘူးဗျာဟု ဟွန်ဆန်က ဖေ့စ်ဘုတ်ခ်တွင်ပြော
☑️သူဟာ ပုံမှန်ဖြစ်ပြီး ဧည့်သည်တွေတွေ့တာကလွဲရင် အလုပ်တာဝန်ပုံမှန်လုပ်ဆောင်နေဟု သူကပြော
Source AP
#Hun_Sen_covid_positive
#Hun_Sen_G-20
#Hun_Sen_ASEAN_Summit
#World_Politics
Published 15 November 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'တို့ ပထမဆုံးအကြိမ်လူချင်းတွေ့ဆွေးနွေးခဲ့ရာမှာ ထိုင်ဝမ်အပေါ် တရုတ်တို့အတင်းအကြပ်ပြုလုပ်နေခြင်းကို 'ဘိုင်ဒင်'က ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး ကမ္ဘာ့ဩဇာလွှမ်းမိုးမှုယှဉ်ပြိုင်မှုအတွင်း သူတို့ရဲ့ခြားနားချက်များကို ညှိနှိုင်းရန်ရည်ရွယ်ခဲ့ကြပါတယ်။
တွေ့ဆုံမှုက ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသသို့ ဘိုင်ဒင်ရဲ့ကမ္ဘာလှည့်ခရီးစဉ်လည်ပတ်မှုအတွင်း အဓိကအစည်းအဝေးဖြစ်ခဲ့ပါတယ်။
သူတို့နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးတင်းမာမှုများ မြင့်တက်နေတဲ့အချိန်မှာ တွေ့ဆုံကြတာလည်းဖြစ်ပါတယ်။
တရုတ်နဲ့ပတ်သက်လာရင် အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် ပဋိပက္ခတော့မဖြစ်စေချင်ကြောင်း 'ဘိုင်ဒင်'က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က တရုတ်ပြည်ရဲ့ အစိုးရကိုအသိအမှတ်ပြုတဲ့အနေနဲ့ တရုတ်တစ်သွေးတစ်သံမူဝါဒကို ထောက်ခံကြောင်း၊ ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေးတို့ နီးစပ်အောင်ပြုလုပ်ပြီး ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်လာပါက အမေရိကန်က စစ်ရေးအရတုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
လတ်တလောမှာ တရုတ်တို့က အသံထွက်နေပေမယ့် ထိုင်ဝမ်ကိုကျူးကျော်မယ်လို့ မယုံကြည်ကြောင်းလည်း ဆိုပါတယ်။
ထိုင်ဝမ်အရေးက တရုတ်ရဲ့ အဓိကအကျိုးစီးပွားကိစ္စဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ဝင်ရောက်မစွက်ဖက်သင့်တဲ့ကိစ္စဖြစ်ကြောင်း 'ရှီ'က အခိုင်အမာဆိုလိုက်ပါတယ်။
ယူကရိန်းကိစ္စမှာ ရုရှားတို့ရန်လိုမှုအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကာ နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်တာမျိုးက လုံးဝလက်သင့်မခံသင့်ကြောင်း တညီတညွတ်ယူဆခဲ့ကြပါတယ်။
ရုရှားစစ်ပွဲကြောင့် တရုတ်အရာရှိများ ဝေဖန်ခံနေရပေမယ့် တရုတ်က ရုရှားကိုတိုက်ရိုက်ထောက်ပံ့တာမျိုးကိုတော့ ရှောင်ရှားခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာကိစ္စများမှာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ 'ဘိုင်ဒင်'နဲ့'ရှီ'တို့ သဘောတူညီခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ တရုတ်နဲ့အမေရိကန်တို့က လေထုညစ်ညမ်းမှု အများဆုံးဖြစ်စေတဲ့နိုင်ငံများဖြစ်ပြီး အခုလိုတစ်နိုင်ငံချင်းဆောင်ရွက်မှုများက အလွန်အရေးကြီးနေပါတယ်။
ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'ကို တရုတ်ထံစေလွှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ ဟိုတယ်ကြီးတစ်ခုမှာ 'ရှီ'နဲ့'ဘိုင်ဒင်'တို့ ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။
နှစ်ဦးစလုံးဟာ နိုင်ငံရေးပဋိပက္ခများကို ဘေးချိတ်ပြီး အစည်းအဝေးတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published _15 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးကို အများပြည်သူသို့ အချိန်ပိုင်းဖြင့်ပေးရန် စီစဉ်နေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က သိရသည်။
"လျှပ်စစ်မီးပေးချိန်ကို အချိန်ပိုင်းနဲ့ပေးဖို့လုပ်နေတယ်၊ အခုတော့ စမ်းသပ်နေပြီ၊ လူမှုကွန်ရက်မှာ ပျံ့နေတာက ၅ နာရီ ပေး၊ ၅ နာရီ နားဆိုပြီးတော့ ဖြစ်နေတာတွေ့တယ်၊ အဲဒီလို မဟုတ်ပါဘူး၊ တကယ်လို့ အချိန်ပိုင်းပေးမယ်ဆိုရင်လည်း ၄ နာရီ ပေး၊ ၄ နာရီ နား ပုံစံမျိုးပဲ လုပ်မှာပါ"ဟု YESC တာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာလ ၃ ရက် ညပိုင်းက ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးလျက် ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်ကို အဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးခဲ့သည့် အတွက် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား(၇၀)မဂ္ဂါဝပ်မှာ လက်ရှိတွင် လျော့နည်းလျက် ရှိကြောင်းလည်း သိရသည်။
"အဲဒီ နှစ်ထပ်တာဝါတိုင်ကို ပြန်မပြင်နိုင်သေးဘူး၊ ပြန်ပြင်လို့ကို မရနိုင်သေးတာ၊ ဝန်ထမ်းတွေက သွားပြင်ရမှာလေ၊ အခုက တာဝါတိုင်တွေကို သွားပြင်တဲ့ ဝန်ထမ်းတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်နေတာတွေ ရှိတယ်။ တချို့ဝန်ထမ်းတွေ အသက်ပေးရတဲ့ထိ ဖြစ်တယ်။ ဒါကြောင့် ပြန်မပြင်နိုင်သေးဘူး"ဟု လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူက ပြောသည်။
အဆိုပါ တာဝါတိုင်များကို မိုင်းခွဲမခံရမီကလည်း ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် အနက် ဓာတ်အားလိုင်းများဖြစ်ကြသော၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့မဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၁၅)တိုင်ကို (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူမဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆)တိုင်ကို (၄)ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင်(၂၁)တိုင်ကို (၇)ကြိမ် ထိ ဖျက်ဆီးထားကြသေးကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရသည်။
#Yangon_Media_Group
#Local_News
Published_15 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန်လုပ်သား ၇ ဦး ၊ ကုန်ထုတ်လုပ်သား ၂၄ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်း သိရသည်။
အလားတူ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ အစပိုင်းတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၁၃၆ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _15 November 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူ ညီချက်တစ်ခုကို ဒီဇင်ဘာလအတွင်း ရရှိနိုင်မည် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
"နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အစည်းအဝေးမှာ ပြောခဲ့ပြီးပါပြီ၊ ကျွန်တော်တို့လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ ထိုက်သင့်သလောက် တိုးတက်မှုတွေ ရှိနေပါပြီ၊ဒါကြောင့် ဒီဇင်ဘာလအတွင်း သဘောတူ ညီချက်တစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်ထားတာပါ"ဟု ယင်းအဖွဲ့၏ တာဝန်ရှိသူကပြောသည်။
ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ရာ အဆိုပါ ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ပါဝင်ခဲ့ကြောင်းနှင့် ယင်းအဖွဲ့များကလည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုသော သဘောထားများ ရှိကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Health_Tips
Published 15 November 2022
သွားကိုက်ခြင်းက ခံစားရအခက်ဆုံးဝေဒနာတွေထဲက တစ်ခုဖြစ်ပြီး ပါးစပ်အနာပေါက်ခြင်း၊ သွားပိုးစားခြင်းတို့ကြောင့် အဖြစ်များပါတယ်။
သွားအံထဲရှိ အာရုံကြောများရောင်ရမ်းခြင်းကြောင့် သွားကိုက်ခြင်းခံစားရတာဖြစ်ပြီး သဘာဝအတိုင်း သက်သာစေမယ့်နည်းလမ်းများလည်း ရှိနေပါတယ်။
(၁) ရွှံ့စေး
ရွှံ့စေးက အဆိပ်ထုတ်ပေးနိုင်တဲ့ပစ္စည်းဖြစ်ပြီး အရေပြားမှာ သုတ်လိမ်းတဲ့အခါ အရေပြားအတွင်းပိုင်းတစ်ရှူးတွေကနေ အဆိပ်အတောက်များ စုပ်ယူသွားပါတယ်။
သွားကိုက်ခြင်းအတွက်တော့ ကိုက်ခဲတဲ့နေရာအပြင်ဘက်ကနေ ရွှံ့စေး ၁ စင်တီမီတာအထူခန့် သုတ်လိမ်းပေးပြီး ၂ နာရီခန့်ထားကာ ရေဆေးချရပါတယ်။
(၂) ရေခဲ
ရေခဲတုံးတွေက အာရုံကြောထုံစေပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။
အိတ်တစ်ခုထဲမှာ ရေခဲတုံးတွေထည့်ပြီး နာကျင်ကိုက်ခဲတဲ့နေရာကို အုံပေးရပါတယ်။
ရေခဲရဲ့အအေးဓာတ်ကို ခံနိုင်ရည်ရှိတဲ့အထိ ကပ်ထားပေးသင့်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ရောင်ရမ်းခြင်းကိုသက်သာစေပြီး ရောဂါပိုးသေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
သွားကိုက်ဝေဒနာအတွက် ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာခန့်ကို ထောင်းပြီး နာကျင်တဲ့နေရာကို သုတ်လိမ်းပေးပါ။
၄ - ၅ မိနစ်ခန့်ကြာပြီးနောက် ထွေးထုတ်လိုက်၊ ထောင်းထားတဲ့ နောက်ထပ်ကြက်သွန်ဖြူတွေ ထပ်လိမ်းလိုက်ဖြင့် ပြုလုပ်သွားနိုင်ပါတယ်။
ကြက်သွန်ဖြူ မတည့်တဲ့သူတွေကတော့ ဒီနည်းလမ်းကို မပြုလုပ်သင့်ပါဘူး။
အထက်ပါနည်းလမ်းတွေဟာ သွားကိုက်ခြင်းကိုသက်သာစေတဲ့ သဘာဝနည်းလမ်းတွေဖြစ်ပေမယ့် ယာယီသာအသုံးဝင်နိုင်ပါတယ်။
တကယ့်ဝေဒနာကုသဖို့အတွက်တော့ သွားဆရာဝန်များထံ သွားရောက်ပြသသင့်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#Local_News
Published_15 November 2022
လာမည့်ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အခမဲ့ရွှေပညာသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း နိုဝင်ဘာလပါတ် အစည်းအဝေးတွင် အခမဲ့ ရွှေပညာဒါနသင်တန်း ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
YGEA မှ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အခမဲ့ ရွှေပညာဒါနသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် အသင်းရုံးခန်းတွင် ရွှေပြန်လည်ရောင်းချနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် အသင်းမှထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း သိန်း ၂၀ အထက်တွင်ရှိနေပြီး ပြည်တွင်းရွှေဈေးကွက်အတွင်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၂၆ သိန်းအထက်တွင်ရှိနေကာ အဝယ်ထက်အရောင်း ပိုများနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 15 November 2022
လွန်ခဲ့တဲ့ ၈ နှစ်က ကင်ဆာဖြစ်ပွားပြီး နှာခေါင်းဆုံးရှုံးခဲ့ရတဲ့ ကလေးအမေတစ်ဦးဟာ အခုနောက်ဆုံးမှာတော့ လက်မောင်းမှာ နှာခေါင်းအသစ်ရရှိသွားပြီဖြစ်ပါတယ်။
'ကာရင်း'လို့ အမည်ရတဲ့ ပြင်သစ်အမျိုးသမီးဟာ ၂၀၁၃ ခုနှစ်မှာ နှာခေါင်းအတွင်းပေါက်ကင်ဆာဖြစ်ပွားတာကြောင့် တကယ့်နှာခေါင်းကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။
ခွဲစိတ်မှုကြောင့် အသက်ဆက်ရှင်ခဲ့ရပေမယ့် ကျန်ခဲ့တဲ့အမာရွတ်ကြောင့် အိမ်ထဲကနေ မထွက်ရဲတော့ဘဲ အနံ့အာရုံလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။
ကင်ဆာမကုသခင်မှာ ဆရာဝန်များက 3D ပုံစံရိုက်နှိပ်ထားတဲ့ လူလုပ်နှာခေါင်းပုံသဏ္ဍာန်ဇီဝရုပ်တစ်ခုကို ဖန်တီးကာ အေးခဲထားခဲ့ပါတယ်။
ယခုနှစ်မှာတော့ ထိုနှာခေါင်းကို လက်မောင်းအရေပြားအောက်မှာ ထည့်သွင်းခဲ့ကာ ၂ လကြာတဲ့အခါမှာ ဆဲလ်တွေနဲ့ သွေးကြောများဖြစ်ပေါ်လာပါတယ်။
နောက်နှစ်လမှာတော့ နှာခေါင်းကို မျက်နှာမှာထည့်သွင်းလိုက်ကာ အထဲကသွေးကြောတွေက နားထင်ရှိသွေးကြောတွေနဲ့ ချိတ်ဆက်သွားပါတယ်။
လူနာရှင်က နှာခေါင်းအသစ်ဖြစ်ပေါ်လာတဲ့အပေါ် စိတ်လှုပ်ရှားမိပြီး အသက်ကောင်းကောင်းရှူနိုင်ပြီဖြစ်ပါတယ်။
"အခုဆိုရင် အသက်ကောင်းကောင်းရှူနိုင်ပြီး အနံ့ပြန်ရနေပါပြီ၊ အပြင်ကိုလည်း သွားလာလို့ရပါပြီ၊ အံ့ဩစရာကောင်းပါတယ်၊ ဒီဇီဝရုပ်ပစ္စည်းက ကျွန်မရဲ့နောက်ဆုံးကူကယ်ရာဖြစ်ခဲ့ပြီး သုတေသနတွေပြုလုပ်ခဲ့တဲ့ ဆရာဝန်တွေကို တကယ်လေးစားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လူနာဟာ ၂၀၁၃ ခုနှစ်က နှာခေါင်းတွင်းကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ပြီး ဓာတုကုထုံးများ ဓာတ်ရောင်ခြည်များနဲ့ ကုသခဲ့ပါတယ်။
ကင်ဆာပျောက်ကင်းသွားပေမယ့် နှာခေါင်းအစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။
အစတုန်းက ပျက်စီးသွားတဲ့တစ်ရှူးနေရာတွေမှာ အရေပြားနဲ့အစားထိုးဖို့ ဆရာဝန်တွေကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ'အက်ညက်ဒူပရက်ဘိုရီစ်'နဲ့ ဒေါက်တာ'ဘင်ဂျမင်ဗယ်လာရီ'တို့က နှာခေါင်းပြန်ပေါက်လာအောင် ကြိုးစားကြည့်ဖို့ အကြံပြုခဲ့ကြပါတယ်။
လက်မောင်းအရေပြားက မျက်နှာလိုပါးလွှာတာကြောင့် လက်မောင်းမှာ နှာခေါင်းပုံစံပစ္စည်းတပ်ဆင်ခဲ့တာဖြစ်ပါတယ်။
၂ လလောက်အကြာမှာတော့ နှာခေါင်းဆီပြောင်းတပ်လို့ရလောက်တဲ့အထိ ဖွံ့ဖြိုးလာခဲ့ပါတယ်။
နှာခေါင်းပုံစံထဲက သွေးကြောတွေကို မျက်နှာရှိသွေးကြောများနဲ့ချိတ်ဆက်ဖို့ သိပ္ပံပညာရှင်များက အနုကြည့်မှန်ဘီလူးဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီပစ္စည်းနဲ့ဆိုရင် ခွဲစိတ်မှု ၂ ခုပြုလုပ်ပြီး ကျေနပ်စရာရလာဒ်ရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဆရာဝန်များကဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1420 of 1913