#LocalNews
Published _ 12 July 2022

 

လက်ရှိတွင် YBS ယာဉ်များ၌ ကတ်စနစ်ဖြင့်ယာဉ်စီးခပေးချေနိုင်မည့် YPS Card ပေါင်း ၁၃၅၀၀၀ ကျော်ကို ခရီးသွားပြည်သူများထံ ရောင်းချထားပြီးဖြစ်သော်လည်း အသုံးပြုနေသော YPS Card အရေအတွက်မှာ ၅၀၀၀၀ ကျော်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သိရသည်။

 

ယင်းကြောင့် YBS ယာဉ်စီးခများကို ကတ်စနစ်ဖြင့် ပေးချေနိုင်ရေးအတွက် ခရီးသွားပြည်သူများအားအသိပညာပေးခြင်းနှင့် YBS ယာဉ်များ ကို စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်း၏ တာဝန်ရှိသူကပြောသည်။

 

လက်ရှိတွင် အများပိုင် ကုမ္ပဏီ ၁၀ ခုလက် အောက်ရှိ YBS ယာဉ်လိုင်းပေါင်း ၅၆ လိုင်း မှ ယာဉ်အစီးရေ ၂၀၀၀ ခန့်တွင် Yangon Payment Services (YPS) စက်များ အသုံးပြုနိုင်စေရန် တပ်ဆင်ဆောင်ရွက်ထားပြီဖြစ်သည့်အပြင် နောက်ထပ် YPS စက်အလုံးရေ ၄၀၀၀ ခန့်ကိုလည်း တပ်ဆင်ရန် အဆင်သင့်ရှိနေပြီဖြစ်ပြီး မတပ်ဆင်ရသေးသော YBS ယာဉ်များတွင်လည်း YPS စက်များ တပ်ဆင်အသုံးပြုလာစေရန် လုပ်ဆောင်မည်ဟုဆိုသည်။

 

Yangon Payment Services (YPS) စက်များ တပ်ဆင်ပြီးသော YBS ယာဉ်များတွင် YPS စက်များ ပိတ်ထားခြင်းမရှိစေရန်လည်း YRTC မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စစ်ဆေးကြပ်မတ်နေပြီး YPS ကတ်များကို ခရီး သွား ပြည်သူများတွင်ကျယ်စွာ အသုံးပြုနိုင်စေရန်နှင့် YPS စက်ပိတ်ထားသော မော်တော်ယာဉ်များစာရင်းကိုလည်း သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများထံသို့ သုံးရက်တစ်ကြိမ်ပေးပို့ရန် အကြောင်းကြားထားကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group