#Local_News
Published_ 12 July 2022

 

လက်ရှိတွင်မြန်မာနိုင်ငံတွင် လူဦးရေမှာ ၅၅ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၂ သန်းကျော်ပိုများပြီး အမျိုးသမီးတစ်ဦးသည် ယေဘုယျအားဖြင့် ကလေး(၂)ယောက်နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ရောက်ရှိနေပြီ ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက၊ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၆၀ ပြည့်နှစ် နောက်ပိုင်းတွင် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားအင်အား ရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်ကြရမည့် အခြေအနေရှိလာမှာဖြစ်တဲ့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယခင်ဆယ်စုနှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အင်အား များပြားနေခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိနေချိန်ဖြစ်ပါတယ်။

 

မွေးဖွားနှုန်းကျဆင်းခြင်းသည် မြန်မာနိုင်ငံ၏ နေရာဒေသအားလုံး၊ မတူညီသော အုပ်စုများအားလုံးအတွင်းတစ်ပြေးညီ ကျဆင်းနေခြင်းမဟုတ်ဘဲ မညီမျှမှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ဒေသအချို့၊ အုပ်စုအချို့တွင် မွေးဖွားနှုန်းမြင့်မားခြင်းနှင့် အတူမိခင် သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်းများ မြင့်မားနေဆဲဖြစ်ပါတယ်။

အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေ(၁၀၀)တွင် (၅၂)ဦးခန့်သာ အလုပ်လုပ်နေခြင်းဖြစ်၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ လုပ်အားကို အပြည့်အဝအသုံးမချနိုင်သေးဘဲ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အခွင့်လမ်းများကို ဖန်တီးပေး ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group