#LocalNews
Published _ 12 July 2022

 

ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဓာတ်ခွဲနမူနာ (၁၆) ခုအား ဆေးသုတေသနဦးစီးဌာန (Department of Medical Research)တွင် စစ်ဆေးခဲ့သည်။

 

ယင်းသို့ စစ်ဆေးရာ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး (BA.4) ရောဂါကူးစက်ခံထားရသူ တစ်ဦးနှင့် (BA.5) ရောဂါကူးစက်ခံထားရသူ ၅ ဦးတို့အား တွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၁၁ ရက်ကထုတ်ပြန်ခဲ့သည်။

 

ရောဂါပိုးတွေ့ရှိသူများသည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုစဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

 

ယင်းသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှနိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Fight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)များ၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။

 

#ymg/NN
#Yangon_Media_Group