#LocalNews
Published - 10 June 2022

 

ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် NUG မှထုတ်ပေးမည့် OERC ကတ်အားလျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ခြင်းတွေ့ရှိပါက နိုင်ငံသားအဖြစ်မှရပ်စဲ၍ ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်အတွက် အသိအမှတ်ပြုသက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် OWIC အစား ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ် အကိုင်အသိအမှတ်ပြုကတ် (OERC)ကို NUG ဘက်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

 

ယင်းကြောင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေထိုင်သူ မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါ OERC ကတ်အား လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းရေးသွင်း၍ နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရ၍ ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း (၅) နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ပြည်ထွက်များ အသုံးပြုနိုင်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group