#LocalNews
Published - 10 June 2022
ကမ္ဘာ့ဘဏ်၏ စီးပွားရေးတိုးတက်မှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများအတွင်း မြန်မာနိုင်ငံကို ထည့်သွင်းထားခြင်းမရှိဘဲ ချန်လှပ်ထားသည်ကို ကမ္ဘာ့စီးပွားရေးအလားအလာ (ဇွန် ၂၀၂၂) အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်မသေချာ၊ မရေရာမှုတွေ မြင့်မား နေခြင်းကြောင့် ၂၀၂၁ အလွန် မြန်မာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်မှ ဖယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။
ယင်းအပြင် နောက်ဆုံးခန့်မှန်းချက်ဖြစ်သည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကျဆင်းမှုနှုန်း အနုတ် ၁၈ ရာခိုင်နှုန်းရှိမည်ဟု တွက်ချက်ပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်မှ မြန်မာ့စီးပွားရေးကို ခန့်မှန်းထားခြင်း မရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှအပ ကျန်အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေးတိုးတက်မှုရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့်ပစိဖိတ်ဒေသ (EAP) နိုင်ငံအတွင်း စီးပွားရေးအလားအလာခန့်မှန်းချက်မှ ဖယ်ထုတ်ခြင်းခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး လာအို ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် အရှေ့တီမော ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။
ymg/sth
#Yangon_Media_Group