၂၄ စက်တင်ဘာ ၂၀၂၄

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။

အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။

မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့‌ အာဏာပိုင်တွေကို ပြောပြပါတယ်။

ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။

ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။

အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။

@ymg/knl