#LocalNews

Published - 25 Dec 2021

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ ရဲ့တိုက်ပွဲတွေကြောင့်မိမိတိုနေထိုင်ရာ ကျေးရွာတွေကို ပြန်ခွင့်မရသေးတဲ့ လူပေါင်း ၂,၀၀၀ ကျော်ရှိနေတဲ့ ရှမ်းပြည်နယ်ရှိ ကျောက်မဲမြို့မှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များက ဆက်လက်တိုးပွားနေတယ်လို့ ICRCကထုတ်ပြန်လိုက်ပါတယ်။

အချို့သောမိသားစုများက နယ်ခံရပ်ရွာလူထုတွေနဲ့ အတူနေထိုင်နေပေမယ့် အများစုမှာ ယာယီတိုက်ပွဲရှောင်စခန်းတွေမှာ နေထိုင်နေကြပြီး ကိုဗစ်-၁၉ ရောဂါ၊ ချမ်းအေးတဲ့ရာသီဥတုနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မိမိတိုရဲ့ပိုင်ဆိုင်မှုတွေကို ချန်ထားခဲ့ကြရတဲ့ တိုက်ပွဲရှောင်ပြည်သူတွေဟာ အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်ဆိုပါတယ်။

“အခုလိုနေထိုင်နေရတဲ့အချိန်မှာ လိုအပ်တာတွေဝယ်ယူနိုင်ဖို့ လူပေါင်း ၂,၂၇၀ ကို ငွေကြေးပံ့ပိုးပေးခဲ့ပြီး အမျိုးသမီးသုံးပစ္စည်းတွေကိုလည်းပေးအပ်ခဲ့ပါတယ် ။ကိုဗစ်-၁၉ ရော အေးလွန်းတဲ့ရာသီဥတုကိုရော ဖြစ်နေတာကြောင့် သူတို့ရဲ့ ကျန်းမာရေးအတွက် တော်တော်လေး စိတ်ပူပါတယ်။”လို့ အိုင်စီအာရ်စီရဲ့ အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဂျာပန်ဆိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ အိုင်စီအာရ်စီက ပဋိပက္ခအပြင် ကိုဗစ်-၁၉ ရောဂါကြောင့်ပါ ထိခိုက်ခံစားခဲ့ရသူတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက် တုံ့ပြန်ကူညီပေးနေပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#YangonMediaGroup