#Local_News
Published_21 June 2022

 

ရုရှားနိုင်ငံ၏ ငွေကြေးပေးချေမှု စာပို့စနစ် (FMS)တွင် မြန်မာပါဝင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ရုရှားနိုင်ငံစိန့်ပီတာဘရက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

"FMS မှာပါဖို့ ကိစ္စကတော့ မြန်မာနိုင်ငံဘက်က ဗဟိုဘဏ်အနေနဲ့ ဦးဆောင်ဆွေးနွေးခဲ့တာပါ ။ ရုရှားဘဏ်ဘက်က တာဝန်ရှိသူတွေနဲ့ပေါ့။ SWIFT ငွေကြေးနဲ့ ဘဏ်လုပ်ငန်း စာပို့ဝန်ဆောင်မှုမှာ မပါဝင်ဘဲ အပြောင်းလဲလုပ်မယ့်ငွေကြေးစနစ်ကို ဆွေးနွေးခဲ့တာ ဟုတ်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက YMG ကို ပြောသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတအကြံပေးနှင့် (၂၅)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်ကျင်းပရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ Mr. Anton Kobyakov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ဇွန်လ ၁၅ ရက်မှ ၁၈ ရက် အထိကျင်းပသည့် (၂၅)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

 

အဆိုပါ ဖိုရမ်မတိုင်မီ ဇွန် ၁၄ ရက် မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် ကိုယ်စားလှယ်အဖွဲ့က Sigma LLC Co., Ltd. မှ Deputy Director General for Foreign Economic Relations ဖြစ်သူ Mr. Rodionov Nikita အားလက်ခံတွေ့ဆုံ၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group