#Local_News
Published _ 21 June 2022

 

ခရီးသွားပြည်သူများ အဆင်ပြေစေရန် ယာယီရပ်နားထားသည့် အဝေးပြေးရထား ခရီးစဉ်များကို မကြာမီ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ယာယီရပ်နားထားသည့် ရန်ကုန်-မန္တလေး အမှတ် ၅ အဆန်နှင့် အမှတ် ၆ အစုန် အမြန်ရထားများကို ပြန်လည်ပြေးဆွဲနိုင်ရေးများ စီစဉ်ဆောင်ရွက်နေပြီး ဒုတိယအဆင့်အနေဖြင့် ရန်ကုန်-ပြည် အမှတ် ၆၁ အဆန်နှင့် အမှတ် ၆၂ အစုန် အမြန်ရထားများကိုလည်း ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

မြန်မာ့မီးရထားအနေနှင့် အဝေးပြေး ရထားလက်မှတ်ဈေးနှုန်းများကို တိုးမြှင့်ခြင်းမရှိဘဲ ယခင်အတိုင်း သတ်မှတ်ကောက်ခံလျက်ရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် အရှုံးခံ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အခြေအနေအရ အဝေးပြေး ရထားလက်မှတ် ဈေးနှုန်းများ တိုးမြှင့်ကောက်ခံလျှင်လည်း ခရီးသွားပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သင့်တင့်မျှတပြီးအဝေးပြေးယာဉ်စီးခများထက် များစွာသက်သာသော နှုန်းထားများဖြင့်သာ သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်ဘူတာကြီးမှစ၍ ရန်ကုန်- မန္တလေး အမှတ် ၃ အဆန်၊ ရန်ကုန်- မန္တလေးအမှတ် ၁ အဆန်၊ ရန်ကုန်-မော်လမြိုင် အမှတ် ၈၉ အဆန်၊ ရန်ကုန်-ပြည် အမှတ် ၇၁ အဆန် အမြန်ရထားများနှင့် ရန်ကုန်-ပြည် အမှတ် ၆၃ အဆန် စာပို့ရထားများ ပြေးဆွဲပေးနေသည့်အပြင် ခရီးတိုများအဖြစ် ရန်ကုန်-ပဲခူး၊ အင်းစိန်-ဥက္ကံ စသည့် ရထားခရီးစဉ်များနှင့် မြို့ပတ်ရထားများကိုလည်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ymg/NN
#Yangon_Media_Group