#LocalNews

Published - 20 Dec 2021

 

လေးကေ့ကော်ဒေသတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်ခဲ့သော မဲ့ထော်သလေးကျေးရွာမှ ပြည်သူ ၁၃၂ ဦး မှာ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဘုရားလေးဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ကရင့်သတင်းဌာနတစ်ခုဖြစ်တဲ့(KIC)၏ ဖော်ပြချက်အရ သိရပါတယ်။

 

ဒီကနေ့ ပြန်လည်ဝင်ရောက်လာသူများသည် မဲ့ထော်သလေးကျေးရွာနေ ပြည်သူများနှင့် ရွာမှာအလုပ်လုပ်ဖို့ ရောက်ရှိနေသူတွေဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မဲ့ထော်သလေးရွာဘက်ထိ တိုက်ပွဲတွေဖြစ်လာတဲ့အတွက်ကြောင့် ထိုင်းဘက်ခြမ်းသို့ သွားရောက် တိမ်းရှောင်ခဲ့ကြတာပါ။

 

ထို့နောက် ၄င်းတို့က မြဝတီဘက်သို့ ပြန်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပြန်လာသူအများစုမှာ မြဝတီမြို့ရှိ ၎င်းတို့၏ဆွေးမျိုးမိတ်ဆွေများ နေအိမ်တွင် ခေတ္တနေထိုင်ရန်ပြန်လာကြခြင်းဖြစ်တယ်လို့လည်း KIC က ဖော်ပြပါတယ်။

 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများကို နယ်ခြားစောင့်တပ် -BGF တပ်နယ်(၄)မှ တပ်နယ်မှူး
ဗိုလ်မှူးစောမုတ်သုန် နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လူတစ်ဦးလျှင် ထမင်း ၁ ဘူး နှင့် ငွေကျပ် ၁ သောင်းစီဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့သည့် လေးကေ့ကော်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တပ်မ တော်၊ BGF ပူးပေါင်းတပ်တို့နှင့် KNLA မဟာမိတ်အဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

 

Photo - KIC

#Yangon_Media_Group