#LocalNews

Published - 30 Dec 2021

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို အဂတိအမှု ၆ မှု ဖြင့် ထောင်ဒဏ် ၁၈ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းက သိရသည်။

 

အဂတိအမှုတစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းထောင်ဒဏ် (၁၈)နှစ်ချလိုက်ခြင်းဖြစ်ကြောင်းနှင့် ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ရှိကြောင်းလည်း သိရသည်။

 

"ဒေါက်တာအောင်မိုးညိုက ဘဏ်စာအုပ်မှာတောင် ငွေကို သိန်းရာနဲ့ချီရှိတဲ့သူမဟုတ်ပါဘူးဗျာ၊အခုကတော့ အဂတိအမှုတွေအတွက် တစ်မှုကို ၃ နှစ်စီချတာလို့ သူ့ရှေ့နေက ပြောထားတယ်။ကျွန်တော်တို့အနေနဲ့ ဆရာအမြန်ဆုံးလွတ်လာစေချင်ပါတယ်"ဟု ဒေါက်တာအောင်မိုးညိုနှင့် ကျွမ်းဝင်သူတစ်ဦးကပြောသည်။

 

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေ ဆိုင်ရာ ပုဒ်မ ၅၅ ဖြင့် အမှု ၆ မှု ရှိသည့် အနက် ဒေါက်တာအောင်မိုးညိုတစ်ဦးတည်းကို အမှု ၃ မှု ၊ မကွေးတိုင်း ဝန်ကြီးဟောင်းများဖြစ်ကြသော ဒေါက်တာခင်မောင်အေး၊ ဦးတင်နွယ်ဦး၊ ဦးမြင့်ဇော် တို့နှင့် ပူးတွဲ အမှု ၃ မှု ဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာအောင်မိုးညိုနှင့်အတူ အမှုတွဲများဖြစ်သည့် ဒေါက်တာခင်မောင်အေး ကို ၉ နှစ်၊ ဦးတင်နွယ်ဦး ကို ၁၂ နှစ်၊ ဦးမြင့်ဇော်ကို ၃ နှစ် အသီးသီးချမှတ်ခဲ့ကြောင်းလည်း သိရသည်။

 

ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၅၀၅ (ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ယင်းအမှုအတွက်အယူခံတင်ထားကြောင်းလည်း သိရသည်။

 

photo- 2021 Revolution Tweets

#Yangon_Media_Group