၁၄ ဧပြီ ၂၀၂၅

သင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံး မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက သင်္ကြန်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် အမေရိကန်ပြည်ထောင်စုရဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုရဲ့ ဆုတောင်းကို ဧပြီလ ၁၃ရက်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

သင်္ကြန်စိတ်ဓာတ်က ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အသစ်တစ်ဖန်ဖြစ်နိုင်ချေရှိမှုနှင့် မျှော်လင့်ချက်  တွေကို   ကျွန်ုပ်တို့ သတိရစေပါတယ်လို့လည်း မာကိုရူဘီရိုကပြောပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်း မင်္ဂလာ  များနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပြောကြားပါ   တယ်လို့လည်း သူကဆုမွန်တောင်းပါတယ်။

သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပါသည်။  ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ  တွေ့ကြုံခဲ့ကြရသည့် လူ ပေါင်းများစွာနှင့်အတူ မိမိတို့  တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်။ ဤခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်း  ရပ်တည်နေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်   ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း သူကပြောပါတယ်။

ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှတယ်လို့ သူကပြောလိုက်ပြီး ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်   လာပါစေကြောင်းလည်း သူကဆုမွန်ကောင်းတောင်းပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရဲ့ သင်္ကြန်ဆုတောင်းမှာဖော်ပြထားပါတယ်။

#ymg/knl