Published-17 October 2023

တက္ကသိုလ်များ နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံ၍  နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်များ နှင့် အစည်းအဝေးပြုလုပ်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ ပြောကြားခဲ့သည်။

ထိုအစည်းအဝေးကို အောက်တိုဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို တက္ကသိုလ်ဝန်ထမ်းများ အားလုံးသိရှိအောင် ထပ်ဆင့်ရှင်းလင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် တက္ကသိုလ်များ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပြီး မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသား အားကစားလှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times