၁၈ ဇွန် ၂၀၂၃

မြန်မာနစကကိုယ်စားလှယ်များ၏ အသံကို နားထောင်နိုင်ဖို့ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများမှကိုယ်စားလှယ်များ အတွက် ဖိုရမ်တစ်ခုကို ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရက ကျင်းပပေးတာဟာ ဒေသတွင်း အကျိုးစီးပွားအတွက်ဖြစ်ပြီး အာဆီယံကိုယ်စားပြု လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝင်နိုင်းက ပြောကြား လိုက်ပါတယ်။

အစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့တိုးတက်မှုတွေကို နားထောင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ဖိုရမ်ဖြစ်တယ်လို့ မစ္စတာဒွန်က ဆက်ပြောပါတယ်။

“ ဒီလိုအစည်းအဝေးမျိုး ထိုင်းကကျင်းပပေးတာ ဒါပထမဆုံးမဟုတ်ဘူး။ ဒါဟာ တတိယအကြိမ်ဖြစ်တယ်။ ဒီလိုအစည်းအဝေးမျိုးနှစ်ကြိမ်လုပ်ပြီးပြီ။ သတင်းမထုတ်ပြန်တာပဲရှိတယ်။ သူတို့ဟာ မြန်မာက ဘာတွေလုပ်ပြီး သလဲဆိုတာ အကြိတ်အနယ် စဉ်းစားကြပြီး နားထောင်ခဲ့ကြတယ်” လို့ သူကပြောပါတယ်။

သူက အာဆီယံနိုင်ငံက ဝန်ကြီးအဆင့်တွေအားလုံးဖိတ်ကြားခဲ့ပြီး မတက်ရောက်ခဲ့သူတွေက လုံးဝပျက်ကွက်တာနှင့် ကိုယ်စားလှယ်လွှတ်ခဲ့တာတွေရှိပါတယ်လို့ သူကပြောပါတယ်။

“ ဒီအလုပ်ကို ကျွန်တော်တို့ပွင့်လင်းမြင်သာစွာလုပ်တာဖြစ်တယ်။ မြန်မာက နိုင်ငံခြားရေးဝန်ကြီးကို အစားထိုးပြီးပြီ။ သူ့ဆီက ကျွန်တော်တို့နားထောင်သင့်တယ်။ မြန်မာ(စစ်အစိုးရ)နှင့် စကားပြောဆိုမှုမရှိဘဲ ကျွန်တော်တို့ဘယ်လို နည်းလမ်းရှာမလဲ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဒါဟာ အာဆီယံ ဒါမှမဟုတ် အာဆီယံဥက္ကဋ္ဌကို ကိုယ်စားပြုလုပ်တာမဟုတ်ဘူး။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌရဲ့ အလုပ်ကိ ကူညီထောက်ပံ့တဲ့အနေနှင့်ဖြစ်တယ်ဆိုတာ အာဆီယံနိုင်ငံတွေက ရှင်းပြပြီးပြီလို့လည်း မစ္စတာဒွန်ကပြောပါတယ်။

“ ထိုင်းက ဘယ်လိုနာမည်ကောင်းမှမလိုချင်ဘူး။ ဒါပေမယ့် အာဆီယံကို လုံခြုံမှုနှင့်တည်ငြိမ်ရေးပြန်ဖြစ်စေချင်တယ်။ ပြီးတော့ သူ့ရဲ့ အလားအလာအမှန်ကို ကောင်းစွာအသုံးချနိုင်စေချင်တယ်” လို့ မစ္စတာဒွန်ကပြောပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ လာဘွမ်းဘာဂျိုမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင် အများစုက မြန်မာနှင့်အပြန်အလှန်ဆက်ဆံမှုရှိသင့်တယ်လို့ သဘောတူခဲ့ကြပေမယ့် ဘယ်သူကမှ လက်တွေ့ မလုပ်ခဲ့ကြဘူး လို့လည်း သူကပြောပါတယ်။

“ အခြေအနေတွေက မြန်မာနိုင်ငံမှာ အကြီးကြီးပြောင်းလဲခဲ့တယ်။ ပဋိပက္ခတွေပိုများလာတယ်။ အများစုဟ တိုင်းရင်းသား လူနည်းစုတွေနှင့်ပတ်သက်နေတယ်။ အဲဒါတွေဟာ မြန်မာနှင့် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့မြင်မိတဲ့ အကြောင်းရင်းတွေဖြစ်တယ်” လို့ မစ္စတာဒွန်ကပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနှင့် နယ်စပ်ခြင်း ၂၄၀၀ကီလိုမီတာထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ပြဿနာတွေ မြန်မြန်ပြီးလို့ ရရင် ပြီးစေချင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သူကဆိုပါတယ်။

မြန်မာပြဿနာဟာ ဒေသဆိုင်ရာနိုင်ငံရေးကို အလွန်စိတ်ပူစရာဖြစ်ပြီး ကြီးထွားလာရင်  ဒေသတစ်ခုလုံးကို ရိုက်ခတ် နိုင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အလွတ်သဘော အစည်းအဝေးကို တနင်္ဂနွေနှင့် တနင်္လာနှစ်ရက်မှာ ပတ္တရားမှာ ကျင်းပသွားမယ်လို့ မစ္စတာဒွန်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။  ထိုင်းအိမ်စောင့်အစိုးရက ဒီလိုအစည်းအဝေးတွေဆက်လုပ်မှာပဲဖြစ်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ထိုင်းနိုင်ငံဟာ အခြားအာဆီယံနိုင်ငံတွေနှင့်မတူဘဲ မြန်မာနိုင်ငံထဲက စစ်ပွဲတွေရဲ့ ဆိုးကျိုးကိုရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“ အစည်းအဝေးမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ အိမ်စောင့်အစိုးရရဲ့ အခန်းကဏ္ဍမဟုတ်ဘူး။ ဒါဟာ ဆက်သွားနေတယ့် မစ်ရှင်တစ်ခုဖြစ်တယ်။ ကိစ္စအသစ်မဟုတ်ဘူး။ ကျွန်တော်တို့ဟာ နိုင်ငံ့အကျိုးစီးပွားအတွက် ဒီကိစ္စကိုလုပ်နေ  တာဖြစ်တယ်” လို့ သူကပြောပါတယ်။

အာဆီယံနိုင်ငံအချို့က ဝန်ကြီးတွေ  အချိန်ကပ်အကြောင်းကြားလို့ မတက်ရောက်ပေမယ့် အစည်းအဝေးကိုဆက်လုပ်မယ် လို့ သူကပြောပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စနှင့်ပတ်သက်ပြီး ထိုင်းအပေါ် မအီမသာဖြစ်နေတယ်။  ဒီအလုပ်ကို ခင်ဗျားအတွက် မေတ္တာလက်ဆောင်အဖြစ် ကျွန်တာ်တို့လုပ်တာလို့ သူတို့ကိုရှင်းပြခဲ့တယ်” လို့သူကပြောပါတယ်။

အလွတ်သဘောအစည်းအဝေးကို တနင်္လာနေ့မှာကျင်းပမယ်လို့ သူက နောက်ပိုင်းမှာပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအကျိုးဆက်ရိုက်ခတ်ခံရတဲ့ နိင်ငံတွေရဲ့ အလွတ်သဘောအစည်းအဝေးလို့သူကပြောပါတယ်။

အစည်းအဝေးကို ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊လာအို၊မြန်မာနှင့် ဗီယက်နမ်တို့က အဆင့်မြင်ကိုယ်စားလှယ် တွေတက်ရောက်လိမ့်မယ်လို့ သိရပါတယ်။

Source Bangkok Post

#Thailand Forum on Myanmar

#Myanmar_Thailand

#Myanmarpolitics

#Yangonmediagroup

#Yangontimes