#Local_News
Published_ 2 May 2023

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ရှိ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက သုဿန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။

မေ ၁ ရက်၊ ညပိုင်းက ပြည်မြို့ကုတင် - ၅၀၀ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြင့် ကွယ်လွန်သွားသည့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား မေ ၂ ရက်၊ ယ‌နေ့နံနက်ပိုင်းက ဆေးရုံမှ အကြောင်းကြားချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့် PPE ဝတ်စုံများ ဝတ်ဆင်ကာ ပြည်မြို့ရှိ အေးငြိမ်းရာသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"သူတို့က ဘာရောဂါလို့တော့ မတပ်ဘူး။ ကိုဗစ်ရောဂါရဲ့ နောက်ဆုံးလက္ခဏာနဲ့ ဆုံးပါးသွားတယ်လို့ ပြောပါတယ်။ မိသားစုက မြန်အောင်ဘက်ကပါ။ နေရပ်ကို ပြန်သွားကြပြီ“ ဟု အသင်းမှ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှ ပြည်မြို့ ကုတင်-၅၀၀ ဆေးရုံရှိ ကူးစက်ဆောင်တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆေးရုံလာရောက်တက်နေသူဖြစ်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

ပြည်မြို့၌ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုမှာ ယခုလပိုင်းများအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ymg/ppk
#YMG #Yangon_Media_Group