#Local_News
Published_6 December 2022

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ် (Q1) ဖြစ်သည့် ဧပြီ၊ မေနှင့် ဇွန်လအတွင်း အခွန်အရပ်ရပ် ကောက်ခံခြင်းမှ ကျပ် (၁,၆၇၃) ဘီလီယံကျော် ရရှိထားကြောင်း စီမံ/ဘဏ္ဍာလက်အောက်ရှိ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ပုဂ္ဂလိကကဏ္ဍမှ ကျပ် (၁,၄၇၁) ဘီလီယံကျော်အထိ အခွန်ငွေအများဆုံး ရှာဖွေပေးထားပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများထံမှ ကျပ် (၂၀၁) ဘီလီယံကျော်နှင့် ကော်ပိုရိတ်အဖွဲ့အစည်းတွေထံမှ ကျပ် (၁၈၃) သန်းကျော် ကောက်ခံရရှိထားကြောင်း သိရသည်။

 

ယခုဘဏ္ဍာနှစ်၏ အခွန်အရပ်ရပ် ကောက်ခံရရှိမှုသည် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ကြားကာလဘဏ္ဍာနှစ်၏ ပထမသုံးလပတ် (Q1) နှင့် ဒုတိယသုံးလပတ် (Q2) ကောက်ခံရရှိမှုနှင့် နှိုင်းယှဉ်ပါက ကျပ် (၁၇၇) ဘီလီယံကျော် ပိုမိုရရှိထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယခုနှစ် Q1 အခွန်ကောက်ခံမှု ကျပ် (၁,၆၇၃) ဘီလီယံကျော်ထဲတွင် ဝင်ငွေခွန် ကျပ် (၇၂၂) ဘီလီယံကျော်အထိ အများဆုံးပါဝင်ပြီး ကုန်စည်၊ ဝန်ဆောင်မှု၊ ကုန်သွယ်လုပ်ငန်းခွန်သည် ကျပ် (၆၀၇) ဘီလီယံကျော်၊ တံဆိပ်ခေါင်းခွန်သည် ကျပ်ဘီလီယံ (၃၀) ကျော်၊ ကျောက်မျက်ခွန်သည် ကျပ် (၄.၈) ဘီလီယံကျော်၊ အောင်ဘာလေခွန်မှ ကျပ် (၂.၇) ဘီယီယံကျော် အသီးသီး ကောက်ခံရရှိထားကြောင်း သိရသည်။

 

ယင်းအပြင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပိုမိုကောက်ခံ ရရှိစေရေးအတွက် အခွန်ရှောင်တိမ်းမှု (Tax Evasion) ကျူးလွန်သူတွေကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆို ခံရနိုင်ကြောင်း အသိပေးထားသည်။

 

#ymg/sth
#Yangon_Media_Group