#Myanmar_News
Published 26 Nov 2022

၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

အခမ်းအနားမှာ ရှေးဦးစွာ ၂၀၂၂ခုနှစ်၊ (၅၉) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ(က)အဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

 

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စစ်ရေးပြမှူးကြီးဦးဆောင်၍ အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံး အသင်း ၆ သင်းတို့မှ အားကစားသမားများက ဇေယျာသီရိတပ်မတော် အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြပြိး ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

 

အဲဒီနောက် ပြိုင်ပွဲတလျောက်ဆုရရှိခဲ့ကြတဲ့ အသင်းတွေကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးတွေက ဆုတွေချီးမြှင့်ခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၅၀ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခုဖြင့် ဆုအများဆုံးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းက တံခွန်စိုက် ဒိုင်းဆုကြီး ရရှိခဲ့တာဖြစ်ပါတယ်။

#Ymg-knl
#Yangon_Media_Group