#Local_News
Published_23 November 2022

 

ခရီးသွားရာသီကာလတွင် အာဆီယံနိုင်ငံများမှ ခရီးသည်များမြန်မာနိုင်ငံသို အများဆုံး လာရောက်လည်ပတ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

၂၀၂၂ ခုနှစ် မေလကနေစတင်ပြီး Tourist Visa နှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ခွင့်ပြုပေးပြီးနောက်ပိုင်း ပြည်ပခရီးသွားဧည့်သည်များသည် စတင်ဝင်ရောက်မှုများရှိခဲ့ကြောင်း၊ ယင်းအပြင် ခရီးသွားရာသီအစဖြစ်သည့် အောက်တိုဘာလတွင် ပြည်ပခရီးသွား ဝင်ရောက်မှုနည်းပါးခဲ့သော်လည်း နိုဝင်ဘာလတွင် ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုရှိကြောင်း သိရသည်။

 

“ နိုဝင်ဘာလထဲမှာတော့ ပြည်ပခရီးသွားတွေက ပက်ကေ့နဲ့ဝင်ရောက်လာတာများပါတယ်။ လတ်တလောမှာတော့ အာဆီယံနိုင်ငံထဲကပဲအများဆုံးလာပါတယ်။ ရုရှားကလည်း လာတာနည်းပါတယ်။ အဓိက ထိုင်းနိုင်ငံက ပိုများတယ်။ ဒီနှစ်ထဲမှာတော့ ခရီးသွားဧည့်သည်တွေက နည်းအုံးမယ်။ ၂၀၂၃ မှာတော့ မျှော်မှန်းထားတယ်။ ဘာလိုဆို အဲဒီနှစ်မှာပဲ ခရီးသွားပြပွဲတွေလုပ်ဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

 

မြန်မာနိုင်ငံကို အာရှနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတွေက အများဆုံးလာရောက်ခြင်းဖြစ်သည့်အတွက် နစက နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံနိုင်ငံ ၈ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းအပြင် ဒေသတွင်းငြိမ်းချမ်းမှုမရှိခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ဒေသတို့ကို ပြည်ပခရီးသည်ဝင်ရောက်ခွင့်ပိတ်ထားတဲ့အပြင် ပြည်တွင်းကို လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၀ ရက် ကြိုစာတင်ရမည်ဖြစ်ကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group