#Local_News
Published _23 november 2022

 

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဂျုံများသည် လက်ရှိတွင် ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းနေလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်စည်ဒိုင်များထံမှသိရသည်။

 

မန္တလေးကုန်စည်ဒိုင်၏ ယနေ့အဖွင့်ဈေးအရ ဂျုံ ၆၀ ပိသာပါသည့် တစ်အိတ်လျှင် ၁၇၀၀၀၀မှ ၁၈၀၀၀၀ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

"ဒီနေ့ဈေးက ဂျုံ၆၀ပိသာပါတဲ့ တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၀၀၀၀အထိ ပေါက်ပါတယ်။ နောက်တစ်ခုက ရှမ်းဂျုံရှိပါသေးတယ်၊ အဲ့ဂျုံကတော့ ၁၆၀၀၀၀ကနေစရှိပါတယ်" ဟု မန္တလေးကုန်စည်ဒိုင်၏ တာဝန်ရှိသူက ပြောသည်။

 

ထိုဈေးသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက ၃သောင်းလောက် ကွာဟနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းတွင် အဆိုပါဂျုံ တစ်အိတ်လျှင် ၁၈၅၀၀၀ မှ ၁၉၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ကာ စက်တင်ဘာလတွင်မူ ကျပ် ၂၀၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

 

မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ကလေး၊ ပန်ဆိုင်း(ကြူကုတ်)နှင့် ရှမ်းပြည်နယ်များ၌ ဂျုံကို အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသောဂျုံကြမ်းများကို မန္တလေးကုန်စည်ဒိုင်မှတဆင့် တနိုင်ငံလုံးသို့ ဖြန့်ချီပေးနေလျှက်ရှိကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_group