#Local_News
Published_23 November 2022

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဥယျာဉ်တော်ကျေးရွာအုပ်စု၊အမှတ်(၇) ရပ်ကွက်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၂ ရက် ညနေ ၄ နာရီကျော်ခန့်အချိန်က အသက် ၅၀ ဝန်းကျင်ခန့်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းမင်းထွန်းက ဘေးတွဲဆိုင်ကယ်ဖြင့် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အမည်မသိအမျိုးသား ၂ ဦး က 125 CZI အမျိုးအစားဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းမင်းထွန်း၏ ညာဘက်လက်‌မောင်းဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ချက်‌ ဘေးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နံ‌ဘေး‌ဖောက်ဝင်ဒဏ် ရာ (၁) ချက်၊ ဘယ်ဘက်နိုအုံ‌ အောက်ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ(၁)ချက် အသီးသီးရရှိခဲ့ကာ နေရာတွင်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 

ယင်းကြောင့် ဦးသိန်းမင်းထွန်း၏ အလောင်းကို လောကပါလ လူမှုကူညီရေးအသင်းက အသင်းပိုင်ကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေးဦးမြို့နယ်တွင် မီးသတ်ဝန်ထမ်း (၂)ဦးအား လက်နက်ကိုင်ားသည့် အဖွဲ့တစ်ဖွဲ့က ညှင်းပန်းနှိပ်စက်၍ ခန္ဓာကိုယ်ခြေလက်များကို ဖြတ်တောက် သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

 

အသတ်ခံထားရသော မီးသတ်ဝန်ထမ်းများဖြစ်သည့် တပ်ကြပ်ကြီး မြင့်ငွေ(၅၂ နှစ်)နှင့် မီးသတ်တပ်ကြပ် ကောင်းမြတ်ကျော်(၂၄ နှစ်)တို့၏ အလောင်းကို ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာ အနောက်ဘက် မူးဘောင်ပေါ်တွင် စွန့်ပစ်ထားခဲ့သည်ကို ရေဦးမြို့ပရဟိတ လူမှုကူညီရေးအသင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group